နွေဦးကာလ မြူထသောအခါ

 

မောင်မောင်ဖြူ

 

“ဒါကတော့ မင်းကလဲကွာ ကလေးပဲ။ ဆော့ချင် ကစားချင်မှာပေါ့။ တို့ငယ်ငယ် တုန်းကဆိုရင်    သဟာထက်တောင် ပိုဆော့သေး”

 

ဦးဖိုးခသည်  ကိုအေးဆွေ ပြေးထွက် သွားရာဆီသို့ လှမ်းမျှော်ကြည့်လိုက်ရင်း ဆိုလိုက်သည်။

 

“တော်ဟာ ကျုပ်က မောင်အေးကိုများ ဆိုမယ့် ပြောမယ့်မကြံရသေးဘူး၊ အမြဲတမ်းရှေ့က ကာဆီးကာဆီးချည်းပဲ”

 

“ငါက အဖြစ်ပြောသာပါဟာ။ ငါ ဆိုချင်သာက ကောင်လေးကို ကျောင်း တက်နောက်မကျဖို့က တို့တာဝန် မဟုတ်လား။ တို့ကသူ့ကို စာသင်ချင်အောင် လိုက်လျောပေးမှ စာသင်ချင်မှာ မဟုတ်လား။ သူစာတတ်မှ သူ့ဘဝဟာ ထန်းသမားမဖြစ်မှာ။ သို့မို့ရင်တို့လို ထန်းတက်သမားပဲ ဖြစ်မှာပဲ။ သည်တော့ တို့ဆင်းရဲချင် ဆင်းရဲပါစေ၊ သူ့ကိုတော့ စာတတ်အောင် သင်ပေးချင်တယ်။ တို့ဘဝကတော့ မထူးပါဘူးကွယ်။ တို့ သားလေး ကောင်းစားရင် ကျေနပ်ပါပြီ”

 

ဦးဖိုးခက ခံစားချက် လှိုက်လှဲစွာဖြင့် ပြောပြနေ၏။

 

“တော်ပြောသာ ဟုတ်ပါသယ်။ ကျုပ်ကလည်း ကိုယ့်သားလေးပဲ စာတတ်ချင် ကောင်းစားစေချင်တာပေါ့။ ခုတော့ ကျုပ်ကပဲ စာမတတ်စေချင် သလိုလို တော့်ဟာက”

 

ဒေါ်ဘုမက စိတ်ထိခိုက်စွာဖြင့် စိတ်ဆိုး မာန်ဆိုး ပြောလိုက်သည်။

 

သည်တော့မှ ဦးဖိုးခသည် ပြုံးလာလျက်-

 

“ဘုမရယ်၊ ငါပြောသာက သည်လိုသဘောနဲ့ ပြောသာမဟုတ်ပါဘူးဟယ်။ နင်လည်း ဝမ်းရေစပ်အောင် မွေးထုတ်လာတဲ့ ကိုယ့်သားတစ်ယောက်ပဲ။ နင့်ရဲ့စေတနာဟာ ငါ့ရဲ့ မေတ္တာစေတနာထက် ပိုရင်သာပိုမယ်၊ လျော့မယ်မဟုတ်ဘူးဆိုတာ ငါသိပါသယ်။ အေးပါလေ သဟာတွေကို ဘေးချိတ်ထားစမ်းပါ။ ငါ ပြောချင်သာက ခုလို ကောင်လေးဟာ ကျောင်းသွားဖို့တောင် တို့ကနှိုးဆော်မနေရဘဲနဲ့ ဝီရိယရှိရှိသွားနေတာကိုပဲ သူ့ကို ကျေးဇူးတင်နေရဦးမှာ။ ပြီးတော့သူ့ဘက်ကလည်း ကြည့်စမ်းပါဦးဟာ။ ကျောင်းမသွားခင် သူလုပ်ပေးသွားတဲ့ အလုပ်တွေဆိုလည်း မနည်းပါဘူး။ တို့သူ့အရွယ်ကဆိုရင် ဂွေ(ခွေ) လှိမ့်ကောင်း တုန်းပေါ့။ အိမ့်အလုပ်များ ဘာတစ်ခုမှ လုပ်ပေးဖော်မရခဲ့ဖူးဘူး။ ခုဆိုရင် တို့သားလေးဟာ သူများသားသမီးတွေနဲ့ စာရင် အတော်လိမ္မာသာ။ သဟာလည်း သူမရှိတုန်းမို့ ပြောသာပါ”

 

ဒေါ်ဘုမသည် ဦးဖိုးခပြောနေသော စကားများကို စူးစိုက်၍ နားထောင်နေမိသည်။ အမှန်တော့လည်း ဦးဖိုးခပြောသလို သားလေးသည် သူများသားသမီးတွေနှင့် နှိုင်းစာလိုက်လျှင် အလိုက်သိ၍ လိမ္မာသောသားလေး ဖြစ်သည်။ ကျောင်း မသွားမီမှာလည်းကောင်း၊ ကျောင်းမှ ပြန်လာသောအခါတွင် လည်းကောင်း မိမိ လက်တို လက်ရှည်လုပ်ရမည့် အလုပ်မှန်သမျှကို သူပင် လုပ်ပေးသွား သည်။ လုပ်စရာကုန်သွားလျှင် “အမေ ဘာလုပ်ပေးရဦးမတုံး” ဟု မေးတတ်၏။ မိမိက “ဘာမှ လုပ်စရာမရှိတော့ပါဘူး သားရယ်” ဟု ပြောလိုက်တော့မှသာ “အမေ၊ ကျွန်တော် သွားကစားတော့မယ် နော်” ဟု ပြောကာ ထွက်သွားတတ်လေသည်။ ဤသည်များကို ဒေါ်ဘုမက တစိမ့်စိမ့်တွေးလာမိရင်း ဦးဖိုးခ၏ စကားများကို မကြားတစ်ချက် ကြားတစ်ချက် ဖြစ်လာသည်။

 

“သည်တော့ ဘုမရယ်၊ တို့က ကောင်လေး စာကျက်ချိန်မှာ ကျက်ပါစေ။ သူ့ကို အနှောင့်အယှက် မဖြစ်ပါစေနဲ့။ ခိုင်းစရာ ရှိတောင် မခိုင်းဘဲနေပါ။ ကျောင်းချိန် နီးရင်လည်း နီးသလို တို့က လောဆော် လွှတ်ရမှာပေါ့။ အတော်အတန်ဟာလည်း သူ့ဖို့ကစားချိန်လေးပေးဦးမှပေါ့ဟယ်။ သဟာမှလည်း ဉာဏ်လေးရွှင်လာမယ် မဟုတ်လား”

 

“ဒေါင် ဒေါင်၊ ဒေါင် ဒေါင်”

ကျောင်းသို့မရောက်မီ အတော်ဝေးဝေးကပင် အဆက်မပြတ် ခေါက်နေသော သံချောင်းသံကို ခပ်သဲ့သဲ့ ကြား နေရသည်။

 

“ဟင် အစ်ကို၊ ကျောင်းတောင်တက်နေပြီ”

 

၈ နှစ်၊ ၉ နှစ်အရွယ် ကလေးမကလေးက ရှေ့ကသွားနေသော ကိုအေးဆွေအား လှမ်းပြောလိုက်သည်။ သူတို့နှစ်ဦးစလုံး၏လက်ထဲတွင် ထမင်းဟင်းထည့်ယူလာသော လက်ဆွဲချိုင့်လေးများ ကိုယ်စီဆွဲကိုင်၍ ပခုံးတွင်မူ ကျောက်သင်ပုန်း၊ စာအုပ်များ ထည့်ထားသော ကျောင်းလွယ်အိတ် ကိုယ်စီလွယ်လျက်ရှိ၏။ ထိုသို့ သံချောင်းသံကြားလိုက်ရမှ သူတို့၏ခြေလှမ်းကလေးများသည် ပို၍ ခပ်သွက်သွက်လှမ်းနေကြတော့သည်။

 

“အေး၊ ဟုတ်သယ်ဟ” ဟု ပြောလိုက်ရင်း ကိုအေးဆွေ၏ မျက်နှာကလေးတွင် စိုးရိမ် ကြောင့်ကြမှုလေးများသည် ချက်ချင်းဆိုသလို လွှမ်းမိုးလာတော့ သည်။

 

“သည်သခါလည်း အရိုက်ခံရဦးမှာပဲ ထင်သယ်အစ်ကို”

 

“အေးဟယ်၊ ထွေးရီမလဲ ငါ့ကြောင့်ချည်း အရိုက်ခံနေရပြီ။ နင်ကလည်း စောစောစီးစီးကတည်းက သွားနှင့်ရော ပေါ့။ ငါက အလုပ်ရှိနေသေးလို့ နေရသာဟာ”

 

ကိုအေးဆွေသည် မိမိအတွက်ကြောင့် ကျောင်းတက်နောက်ကျသဖြင့် ထွေးရီပါဆရာ၏ အပြစ်ဒဏ်ပေးခြင်း၊ အရိုက်အနှက်ခံရခြင်းကို မလိုလားပေ။ ထို့ကြောင့်လည်း ထွေးရီအား “မသွားနှင့်ကောင်းလား” ဟု ကရုဏာဒေါသောဖြင့် မာန်လိုက်သည်။

 

“အို အစ်ကိုကလဲ၊ ကျွန်မချည်း သွားချင်ပါဘူး။ အစ်ကိုနဲ့မှသွားမှာပေါ့။ ပြီးတော့ သလောက်အဝေးချည်း တစ်ယောက်တည်း မသွားရဲဘူး၊ သရဲ ကြောက်တယ်”

 

ထွေးရီမှာ ကိုအေးဆွေတို့၏ တဲနီးချင်း ဦးစံကျော်၏ သမီးလေးဖြစ်သည်။ သူတို့ နှစ်ဦးမှာ ကျောင်းသွားဖော် သွားဖက်၊ ကစားဖော် ကစားဖက် ဖြစ်ကြသည်။ ကိုအေးဆွေမှာ ၁၂ နှစ်၊ ၁၃ နှစ် ရှိလာပြီ ဖြစ်၍ ဆဋ္ဌမတန်းသို့ ရောက်နေပြီဖြစ် ၏။ ထွေးရီမှာလည်း ဒုတိယတန်းသို့ပင် ရောက်နေလေပြီ။

 

ကိုအေးဆွေနှင့် ထွေးရီတို့၏ အမေ၊ အဖေများ တဲများသည် လက်ပံပင် ရွာကလေး၏ တောင်ဘက် တစ်ခေါ် (တစ်ဖာလုံ) လောက်ဝေးသော ၎င်းတို့ တက်နေသည့် ထန်းတောများအလယ်တွင် တဲဆောက်ပြီး စုနေကြခြင်းဖြစ် လေသည်။

 

သူတို့နှစ်ဦး သွားတက်ရသည့် စာသင်ကျောင်းမှာ လက်ပံပင်ရွာ၏ အရှေ့မြောက် ဘက်တွင်ရှိသော အလယ်တန်းကျောင်း ဖြစ်သည်။ တဲများမှ ကျောင်းအထိဆိုလျှင် နှစ်ခေါ်သုံးခေါ်လောက် ဝေးလေသည်။ ကျောင်းနှင့် တဲစုမှာ အတန်ငယ်ဝေးသည်က တစ်ကြောင်း၊ ကလေးသူငယ်များ ဖြစ်သည်ကတစ်ကြောင်း နေ့လယ်ပိုင်း မုန့်စားလွှတ်ချိန်တွင် တဲသို့ ပြန်လာနိုင်ရန် အချိန်မရနိုင်ပေ။ ထို့ကြောင့်လည်း ကိုအေးဆွေနှင့် ထွေးရီတို့သည် အတန်ငယ်ဝေးသော ရွာနီးချင်းရွာများမှ လာတက်လေ့ရှိသည့် အခြားကျောင်း သားလေးများနည်းတူ ထမင်းထုပ်၊ ထမင်းချိုင့်လေးများ ကိုယ်စီဆွဲကာ ကျောင်းတက်လေ့ရှိကြလေသည်။

 

“ငါပြောသာက နင်တစ်ယောက်တည်း သွားဖို့ပြောသာ မဟုတ်ပါဘူး။ အဖော်ရှာ သွားဖို့ ပြောသာပါ”

 

“ဟင့်အင်၊ သူတို့နဲ့ သွားချင်ပါဘူး။ လမ်းကျရင် “သရဲကြီး၊ သရဲကြီး” ဆိုဆိုပြီး အတင်း ရှေ့ကထွက်ပြေး ပြေးသွားကြသယ်”

 

ထိုအချိန်တွင် ကိုအေးဆွေတို့နှစ်ဦးသည် ကျောင်းဝင်းထဲသို့ ရောက်လာကြ ပြီဖြစ်၍ ဆရာ ကြိမ်းမောင်းမည့် အပြစ်ဒဏ်ကို စိုးရိမ်ပူပန်သည့် စိတ်သောက ကလေးများ ကိုယ်စီခံစားရင်း အခြေအနေအကဲခတ်လျက် ခပ်ကုပ်ကုပ်နှင့် ဝင်လာကြသည်။

 

“မင်းကို ဆရာကြီးခေါ်နေတယ်”

 

အတန်းထဲသို့ ဝင်လိုက်လျှင်ပင် ကိုအေးဆွေအား အတန်းပိုင်ဆရာက ဆီးကြို နှုတ်ဆက်လိုက်သည်။ ကိုအေးဆွေ ၏ ရင်ဝတွင်လည်း ကြောက်လန့်သည့် စိတ်များက ဒိန်းခနဲ ပြေးဆောင့်လိုက်ကာ ပြင်းစွာ တုန်လှုပ်ချောက်ချားသွားမိသည်။

 

“အင်း၊ သည်တစ်ခါလည်း အရိုက်ခံရဦးမှာပဲ ထင်ပါရဲ့” ဟု ကိုအေးဆွေက စဉ်းစားရင်း ဆရာကြီးရှေ့သို့ ရောက်လာသည်။ ထွေးရီလည်း နောက်ဆီမှ ချက်ချင်းလိုပင် ရောက်လာသည်။ ကျောင်းအုပ်ဆရာကြီး၏ ရှုတင်းတင်း အကြည့်ကြောင့် ကိုအေးဆွေ၏ ကျောထဲဝယ် ကြောက်လန့်သောစိတ်များ သည် စိမ့်၍ဝင်လာကာ ကျောပင် ချမ်းလာတော့သည်။

 

“ကဲ၊ မောင်အေးဆွေနဲ့ မထွေးရီ၊ ဆရာ မင်းတို့ကို ဘယ်နှကြိမ်ပြောရမလဲ။
အခုလို ကျောင်းတက်နောက်ကျနေသာ ဘယ်နှခါရှိပလဲ”

 

“အများကြီးရှိပါပြီ ဆရာ”

 

ဆရာကြီး၏အမေးကို ကိုအေးဆွေက တုန်ယင်စွာဖြင့် ဖြေလိုက်၏။

 

“အခု ကျောင်းတက် နောက်ကျနေသာ ကော ဘာဖြစ်လို့လဲ”

 

“မယိုး (မြူအိုး) ကောက်နေရလို့ပါ ဆရာ”

 

“မယိုး ကောက်သာလည်း ကောက်ရပါသယ်။ မကောက်ရဘူးလို့ မဆိုလိုပါ ဘူး။ ဒါပေမဲ့ ကျောင်းတက်ချိန်တော့ မီအောင် စောစောလာရမယ်”

 

“လာပါသယ် ဆရာ”

 

“လာရင် ကျောင်းတက်မီမှာပေါ့ကွ” ဟု ဆရာကြီးသည် မျက်မှောင်ကြီး ကြုတ်၍ ကိုအေးဆွေနှင့် ထွေးရီတို့အား စူးစူးစိုက်စိုက် ကြည့်လိုက်၏။ ပြီးမှ ဆက်လက်၍ -

 

“အေး၊ မင်းတို့လို ကျောင်းစည်းကမ်း မရိုသေတဲ့သူတွေရှိနေပါလျက်နဲ့ ဆရာက အခါခါ ညှာတာလိုက်ရင်၊ ခွင့်လွှတ်လိုက်ရင် တို့ကျောင်းဟာ စည်းမဲ့ကမ်းမဲ့ကျောင်း ဖြစ်သွားပြီးတော့ ကြာရင်ထိန်းသိမ်းအုပ်ချုပ်လို့ မရတော့ဘဲ ပျက်သွားနိုင်တယ်။ အဲဒီလိုပဲ တိုင်းပြည်မှာလည်း နိုင်ငံတော်ရဲ့ စည်းကမ်းဥပဒေကို မလေးစားတဲ့ ချိုးဖောက်ဖျက်ဆီးသူ တွေပေါများလာရင် အဲဒီတိုင်းပြည်ဟာ ပျက်စီးသွားနိုင်တယ်။ စည်းကမ်းဆိုတာ ဟာ အသေးအဖွဲကလေးကအစ လိုက်နာတတ်မှ အကြီးအကျယ်ထိ လိုက်နာတတ်တဲ့ အကျင့်ရလာတယ်။ နောက်ပြီး မင်းဟာလည်း တစ်နေ့တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီး ဖြစ်ချင် ဖြစ်မယ်။ ဝန်ကြီးချုပ်လည်း ဖြစ်ချင် ဖြစ်မယ်။ စစ်ဗိုလ်ချုပ်ကြီးလည်း ဖြစ်ချင် ဖြစ်မယ်။ အေး ဒီလိုဖြစ်နိုင်တာကလည်း ငယ်စဉ် ကျောင်းသားဘဝကတိုင် တာဝန်ကို လေးစားမှ၊ စည်းကမ်းကို ရိုသေတတ်မှ နောင်ခါ တိကျပြတ်သားတဲ့၊ သစ္စာရှိတဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကောင်း ဖြစ်နိုင်တယ်။ နားလည်ရဲ့လား၊ ဆရာ ပြောတာ”

 

“ဟုတ်ကဲ့”

 

ဆက်လက်ဖော်ပြပါမည်။