နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးအတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အဦများ ရေရှည်ကြံ့ခိုင်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်း

နေပြည်တော်၊ ၁၅ ဇန်နဝါရီ 

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချ ထားရေးအတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အဦများ၏ လက်ရှိအခြေအနေနှင့် ရေရှည်ကြံ့ခိုင်ရေးကိစ္စရပ်များ၊ ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် တည်ဆောက်ပေးထားသည့် အဆောက်အဦများ၏ လက်ရှိအခြေအနေနှင့် ရေရှည်ကြံ့ခိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေး ကိစ္စရပ်များသည် အလွန်အရေးကြီးသည့်အတွက် မြေပြင်တွင် လက်တွေ့ဆောင်ရွက်နေရသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးရန် လိုအပ်ပါကြောင်း။

၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင် ပြည်နယ်တွင်နေထိုင်လျက်ရှိသည့် အစ္စလာမ်ဘာသာဝင်များ တစ်ဖက်နိုင်ငံသို့ အုပ်စုလိုက် တရွေ့ရွေ့ထွက်ခွာသွားခဲ့ကြပါကြောင်း၊ မိမိတို့နိုင်ငံအတွင်း အခြေချနေထိုင်ခဲ့ပြီး တစ်ဖက် နိုင်ငံသို့ ထွက်ခွာသွားသူများကို ပြန်လည်ခေါ်ယူရမည်ဖြစ်ကြောင်းကို နိုင်ငံတကာသို့အသိ ပေးခဲ့ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုအစီအစဉ် ကို ရေးဆွဲအတည်ပြု ဆောင်ရွက်လျက်ရှိပါကြောင်း။

နေရပ်စွန့်ခွာသူများ စနစ်တကျ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထား နိုင်ရေးအတွက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီကို ၂၀၁၈ခုနှစ် မတ် (၁၅)ရက်တွင် ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များကို စနစ်တကျအကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဥက္ကဌအဖြစ်ဆောင်ရွက်သော နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဥက္ကဌအဖြစ် ဆောင်ရွက်သော နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေး လုပ်ငန်းကော်မတီတို့ကို ၂၀၁၈ ခုနှစ် ဇူလိုင် (၁၈)ရက်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်  အာဆီယံနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာချိန်တွင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် တောင်ပြို(လက်ဝဲ)၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းများနှင့် ယာယီနေထိုင်နိုင်ရန် လှဖိုးခေါင်ကြားစခန်းများတွင် ယာယီတဲတန်းလျားများကို လည်းကောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးချိန်တွင်  ပြန်လည်နေရာချထားရေးနှင့် တစ်ဖက်နိုင်ငံသို့ ထွက်ခွာခြင်းမပြုဘဲ ဒေသအတွင်း ကျန်ရှိနေသည့် နေရပ်စွန့်ခွာသူများ အတွက် နေအိမ်များ၊ သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်း၊ တံတားစသည့် အခြေခံအဆောက်အဦများ တည်ဆောက်ရေးအတွက် UEHRD က ဦးဆောင်၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၊ ပြည်တွင်း၊ ပြည်ပစေတနာရှင်များ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် မိတ်ဆွေနိုင်ငံ များ၏ ကူညီထောက်ပံ့ လှူဒါန်းငွေကျပ် (၁၈) ဘီလီယံကျော် သုံးစွဲခဲ့ရပါကြောင်း။
တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအတွက် နေအိမ် (၁,၈၅၄)လုံး တည်ဆောက်ပေးခဲ့ပြီး (၁,၂၉၄)လုံး နေရာချထားပြီးဖြစ်ပါကြောင်း၊ နေအိမ်နှင့် တဲတန်းလျားများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် UEHRD ကော်မတီ ရန်ပုံငွေမှ ငွေကျပ်(၁ ဒသမ ၄)ဘီလီယံကျော် သုံးစွဲခဲ့ရပါကြောင်း။

အဆိုပါ အဆောက်အဦများကို စေတနာရှင်များ၏ လှူဒါန်းငွေများဖြင့် ဆောင်ရွက် ထားသည့်အတွက် ပျက်စီးဆုံးရှုံးမှုနည်းပါးအောင် သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်၍ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  ပြန်လည်လက်ခံရေး စခန်းများတွင် တည်ဆောက်ထားသည့် နေအိမ်များမှာ ယာယီနေထိုင်ရန်အတွက်သာ ရည်ရွယ်၍ တည်ဆောက်ထားသည့်အတွက် တစ်စတစ်စ ပျက်စီးယိုယွင်း လျက်ရှိပါကြောင်း၊ နောင်တွင် ရေရှည်အသုံးပြုနိုင်အောင် အစီအမံများဖြင့်စနစ်တကျ တည်ဆောက်ပေးရန် အရေးကြီးပါကြောင်းနှင့် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် နေအိမ်အဆောက်အဦများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေး နိုင်မည့်နည်းလမ်းများကို အကြံပြု ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်က နယ်စပ် ရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတားများတည်ဆောက်ခြင်း၊ ဆိုလာမီး၊ IDP စခန်းများအတွက် လုံးချင်းအိမ်ရာများ ဆောက်လုပ်ပေးခြင်း စသည့်အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ 

ထို့နောက် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးအောင်က ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအတွက် နေအိမ်များ တည်ဆောက်ရာတွင် ရာသီဥတု၊ ပထဝီအနေအထားတို့အပြင် ရခိုင်ပြည်နယ်တွင် ဒေသခံများ၏ နေအိမ်ဆောက်လုပ်ထားရှိမှု ပုံစံဒီဇိုင်းနှင့် နည်းပညာတို့ကိုပါ အခြေခံ၍ ဆောက်လုပ် ရန်လိုအပ်ပါကြောင်း၊ နေအိမ်အများစုမှာ ပြင်းထန်သည့်ရာသီဥတုဒဏ်မခံရဘဲ ပျက်စီးမှုများရှိနေ၍ ပြုပြင်ထိန်းသိမ်းရန် လိုအပ်လျက်ရှိပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးကို ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးမဟာဗျူဟာနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုပါကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုဖြင့် ပြန်လည်ဝင်ရောက်လာမည့်သူများအပြင် နယ်စပ် ခြံစည်းရိုးအနီးတွင် တရားမဝင်နေထိုင်သူများ ပြန်လည်ဝင်ရောက်လာနိုင်ရန်လည်း ရှိပါကြောင်း၊ ပြန်လည်ဝင်ရောက်လာမည့်သူများကို စနစ်တကျ ပြန်လည်နေရာချထားနိုင်ရန် မြေနေရာ ရွေးချယ်ခြင်း၊ နေအိမ်များတည်ဆောက်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်နယ်အစိုးရအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများက ဘဏ္ဍာနှစ်အလိုက် စီမံကိန်းများ လျာထားဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးပြောကြားသည်။ 

ထို့နောက် ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြန်လည်လက်ခံရေးစခန်းများရှိ ယာယီတဲတန်းလျားများနှင့် ပြန်လည်နေရာချထားရေး အတွက် တည်ဆောက်ထားသည့်နေအိမ်များ၏ လက်ရှိအခြေအနေနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည့်အခြေအနေများ၊ Cash For Work အစီအစဉ်ဖြင့် နေအိမ်ဆောက်လုပ်ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြန်လည် လက်ခံမည့် လူဦးရေစာရင်းများ စိစစ်ပြီးစီးမှုအခြေအနေများ၊ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ပြန်လည်နေရာချထား ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ နေအိမ်များတည်ဆောက် ပြီးစီးမှုနှင့် နေရာချထားပေးနိုင်မှု အခြေအနေများနှင့် နေအိမ်များဆောက်လုပ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိ သည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက နေရပ်စွန့်ခွာသူများ စနစ်တကျ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ၊ အဆောက်အဦ များ ကြံ့ခိုင်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

သတင်းစဉ်