လှိုင်းဘွဲ၊ ၁၈ ဒီဇင်ဘာ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသတွင် နေရပ်စွန့်ခွာ ပြည်သူများစခန်းမှ အမျိုးသမီးများအတွက် လူမှုဝန်ထမ်းဦးစီးဌာန၊ UM Woman အဖွဲ့နှင့် သံတောင်ကြီး အမျိုးသမီးများအဖွဲ့တို့ ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အေးလင်းသာယာကွင်းအတွင်းရှိ စာသင်ကျောင်းဆောင်၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစောဘိုဘိုဝေမောင်တို့က အဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ဒေါ်မြမာလာစိုးက အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် UM Woman အဖွဲ့မှ တာဝန်ခံ ဒေါ်စန္နာဝင်းက အမျိုးသမီးဘဝဖွံ့ဖြိုးရေး တိုးတက်ရေးအတွက် UM Woman အဖွဲ့မှ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သံတောင်ကြီး အမျိုးသမီးများအဖွဲ့ ဒေါ်မာမာချိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၁ နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ တစ်လတာ သင်ကြားပေးသွားမည်ဖြစ်ပြီး နေရပ်စွန့်ခွာ ပြည်သူများစခန်းမှ အမျိုးသမီး ၂၀ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


