နေပြည်တော်   ဧပြီ   ၂၇

နေပြည်တော်အတွင်းရှိ လူငယ်မောင်မယ်များအကြား အားကစားစိတ်ဓာတ်ထက်သန်လာစေရန်နှင့် ထူးချွန်ထက်မြက်သည့်  ဘော်လီဘော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ် ၍   ၂၀၂၆   ခုနှစ်    နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား    မြို့နယ်ပေါင်းစုံ    အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားရုံ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်အားကစားနှင့် ကာယပညာ ကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဘော်လီဘောဗိုလ်လုပွဲစဉ်များ ဖြစ်သည့် ဇမ္ဗူသီရိမြို့နယ် (အမျိုးသမီး)အသင်းနှင့် ဥတ္တရသီရိမြို့နယ်(အမျိုးသမီး)အသင်းတို့၏ ယှဉ်ပြိုင်နေမှု၊ ပျဉ်းမနားမြို့နယ်(အမျိုးသား) ဘော်လီဘောအသင်းနှင့် တပ်ကုန်းမြို့နယ်(အမျိုးသား) ဘော်လီဘောအသင်းတို့၏ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အမျိုးသား/အမျိုး သမီး ဘော်လီဘောပြိုင်ပွဲများတွင်  ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသော ဘော်လီဘောကစားသမားများကို လည်းကောင်း၊ အမျိုးသား/အမျိုး သမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် မြို့နယ်အလိုက် အသင်းများကိုလည်းကောင်း  တစ်ဦးချင်း  ဆုတံဆိပ်များနှင့်  ချီးမြှင့်ငွေများ  ပေးအပ်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းတို့ကို  ဂုဏ်ပြုဆုငွေများနှင့်  တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ 

အောင်သူရဦး(ဒက္ခိဏ)