နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်

နေပြည်တော် ဇူလိုင် ၈

နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက်  ၇ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်၊ ရာဇသင်္ဂ ဟလမ်း (ကမ္ဘောဇဘဏ်(၅)အနီး) မြေနေရာ၌ ကျင်းပသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဦးတင်ဦးလွင် က နေပြည်တော်ကောင်စီနယ်မြေသို့ Green City၊ Clean City၊ Smart City ဖြစ်စေရေးအတွက် သစ်ပင်သစ်တောများ၊ စိမ်းလန်းမြေများ(Green Spaces)၊ ဥယျာဉ်များ၊ ပန်းခြံများ၊ မြို့ပြသစ်တောများ၊ တစ်အုပ်တစ်မစိုက်ခင်းများနှင့် စိမ်းလန်းစိုပြည်သည့် Land Scape များကို တိုးမြှင့်တည်ထောင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဇနီးတို့က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအမှတ်တရအဖြစ် ခရေပင်များကို စိုက်ပျိုးပေးကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် နေပြည်တော် ကောင်စီ ဝင်များနှင့်ဇနီးများ၊ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် အသင်းအဖွဲ့များနှင့် မြို့မိ မြို့ဖများ၏ သတ်မှတ်နေရာအလိုက် သစ်ပင်များစုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။

ယနေ့ ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် စိန်ပန်း၊ သစ်ပိတောက်၊ ပျဉ်းမ နှင့် ခရေ စုစုပေါင်း(၃၇၅)ပင် စိုက်ပျိုးခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်  အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်း အိမ်ရာများ၊ ကျောင်းများနှင့် ဈေးများသို့ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်