နေပြည်တော်ဒေသအတွင်း အလုပ်အကိုင်ပေါင်း ၁၀၀ ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု အတည်ပြု

နေပြည်တော် ဇူလိုင် ၃၀

 

နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ၂/၂၀၂၃ အစည်းအဝေးကို ဇူလိုင် ၂၈ ရက်က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး နေပြည်တော်ဒေသအတွင်း အလုပ်အကိုင်ပေါင်း ၁၀၀ ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်မှုဥပဒေနှင့်အညီ အတည်ပြုမိန့်ထုတ်ပေးရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

 

အစည်းအဝေးတွင် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ  ဦးတင်ဦးလွင်က နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသန္တရ ဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက တိုင်းပြည်၏ ပြည်တွင်းထုတ်ကုန်တန်ဖိုးကို တိုင်းတာတွက်ချက်ရာတွင် အရေးပါသည့် Indicator တစ်ခုအဖြစ် ပါဝင်နေကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖိတ်ခေါ်၍ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများ အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က ကော်မတီသို့တင်ပြလာသည့် အမှာစာနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာကို ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် လိုအပ်သည်များ ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။

 

မြန်မာဒစ်ဂျစ်တယ်နယူးစ်