နေပြည်တော်စည်ပင်ဘဏ်လီမိတက် နှစ်ပတ်လည် အထွေထွေအစည်းအဝေး ကျင်းပခြင်းနှင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်လီမိတက် အမည်ပြောင်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော်  ၉ မေ

 

နေပြည်တော်စည်ပင်ဘဏ်လီမိတက်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်စည်ပင်ဘဏ်လီမိတက်၏ အစုရှယ်ယာရာနှုန်းပြည့် ထည့်ဝင်ထားသည့် အစု ရှယ်ယာရှင်ဖြစ်သော နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော် စည်ပင်ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့နာယက ဒေါက်တာ မျိုးအောင်က ဘဏ်၏လက်ရှိ ကောင်းမွန်တည်ငြိမ် ခိုင်မာမှုကို ဆက်လက်ထိန်းသိမ်းထားရှိပြီး ဘဏ်လုပ်ငန်းများ တိုးတက်အောင်မြင်စေရန်အတွက် မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့် မြန်မာနိုင်ငံ စာရင်းကိုင်စံများနှင့်အညီ ညွှန်ကြားချက်များအား လိုက်နာ၍ တိုးတက်ပြောင်းလဲလာသော Digital Banking ကို IT နည်းပညာကျွမ်းကျင်မှုများဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခိုင်မာယုံကြည်စိတ်ချရသော ဘဏ်တစ်ခုဖြစ်အောင် မတည်ရင်းနှီးငွေများကိုလည်း နှစ်စဉ်တိုးမြှင့်ထည့်ဝင် ဆောင်ရွက်သွားပြီး ပိုမိုတိုးတက် အောင်မြင်သည့် ဘဏ်တစ်ခုအဖြစ်သို့ ရောက်ရှိရန် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

 

ယင်းနောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ နေပြည်တော်စည်ပင်ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ ဦးရဲမင်းဦးက ဘဏ်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်စည်ပင်ဘဏ်လီမိတက် အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်ငြိမ်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွက် အစီရင်ခံစာအား ဖတ်ကြားတင်ပြသည်။

 

ထို့နောက် အခမ်းအနားမှူးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် နေပြည်တော်စည်ပင်ဘဏ်လီမိတက် ဒါရိုက်တာ အဖွဲ့ဝင်များ၏ အမည်စာရင်းအား ကြေငြာအတည်ပြုခဲ့ပြီး (Win Thin & Associates Certified Public Accountants)မှ Senior Manager ဒေါ်ခင်မျိုးအောင်က ပြင်ပမှ (Video Conferencing System) ဖြင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၏ စာရင်းစစ် အစီရင်ခံစာအား ဖတ်ကြားတင်ပြသည်။

 

ယင်းနောက် အခမ်းအနားမှူးက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဇန်နဝါရီ ၃ ရက်က ခွင့်ပြုချက်အရ နေပြည်တော် စည်ပင်ဘဏ်လီမိတက် (Naypyitaw Sibin Bank Limited) မှ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်(Naypyitaw Development Bank Limited) အမည်သို့ ပြောင်းလဲခြင်း၊ နေပြည်တော်စည်ပင်ဘဏ် လီမိတက်အနေဖြင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းသာမက ဖွံ့ဖြိုးရေးဘဏ်လုပ်ငန်းကိုပါ တိုးချဲ့ဆောင်ရွက်ရန်အတွက် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်အမည် ဖြစ်ပေါ်လာပုံနှင့် Logo Design အား ရှင်းလင်းတင်ပြ၍ ဒါရိုက်တာအဖွဲ့၏ သဘောတူညီမှုဖြင့်  အတည်ပြုခဲ့သည်။

 

ဆက်လက်၍ နေပြည်တော်စည်ပင်ဘဏ်လီမိတက်၏ ရှေ့လုပ်ငန်းစဉ်များအား ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးလှစိုးမှ ဆက်လက်တင်ပြခဲ့ပြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန်၊ နေပြည်တော် စည်ပင်ဘဏ်လီမိတက် ဒါရိုက်တာအဖွဲ့နာယက ဒေါက်တာမျိုးအောင်က နိဂုံးချုပ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။

 

အခမ်းအနားသို့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များဖြစ်ကြသော ဦးအေးမြင့်၊ ဦးမင်းသူ၊ ဒေါ်စံပယ်ထွေး၊ ဦးမင်းသိမ်း၊ ဦးဆန်းနိုင်၊ ဦးကျော်ဇင်လတ်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဘဏ်ဒါရိုက်တာအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်ဘဏ်လီမိတက်မှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ်နှင့် (Win Thin & Associates Certified Public Accountants) အဖွဲ့တို့သည် (Video Conferencing) စနစ်ဖြင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၊ နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)နှင့် နေပြည်တော် စည်ပင်ဘဏ်လီမိတက် (ရုံးချုပ်) အစည်းအဝေးခန်းမတို့၌  နေရာခွဲ၍ တက်ရောက်ကြသည်။

 

သတင်းစဉ်