နေပြည်တော် ခုတင်(၁၀ဝ၀) ပြည်သူ့ဆေးရုံကြီး၌ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် များအား အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၁၆

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာနက ဦးစီး၍ Smile Asia Medical Team နှင့် ကမ္ဘောဇဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များ အား အခမဲ့ခွဲစိတ်ကုသပေးမည့် အစီအစဉ်ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ ခုတင်(၁၀ဝ၀) ပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ် ကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

 

ဒီဇင်ဘာ ၁၈ ရက်အထိ လေးရက်ကြာ ခွဲစိတ်ကုသမှုလုပ်ငန်းများကို နေပြည်တော် ခုတင်(၁၀ဝ၀) ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများနှင့် Smile Asia အဖွဲ့မှ ခွဲစိတ်ဆရာဝန်ကြီးများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များကို အခမဲ့ခွဲစိတ် ကုသကြမည်ဖြစ်ပြီး အဆိုပါအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ကြသည့် တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက် ပါသည်-

 

ဒေါက်တာဒေါ်ပပ(ကျွမ်းကျင်သူ၊ ခုတင်(၁၀ဝ၀) ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်)

 

နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Smile Asia အဖွဲ့၊ အထောက်အပံ့ပေးတဲ့ ကမ္ဘောဇဘဏ်နဲ့ နေပြည်တော်ခုတင် (၁၀ဝ၀)ပြည်သူ့ဆေးရုံကြီးက အထူးကုဆရာဝန် ကြီးတွေ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို အခမဲ့ခွဲစိတ်ပေးတဲ့ အစီ အစဉ်ဖြစ်ပါတယ်။ အခုခွဲစိတ်ကုသမှုအစီအစဉ် မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုက အသက် ခြောက်လမှ အသက်(၂၅)နှစ်အရွယ် အထိ ကလေးတွေ ပါဝင်ပါတယ်။ ဒီလိုခွဲစိတ် ပေးခြင်းဖြင့် သူတို့ဘဝတွေ သာယာလှပ လာစေပြီး ယုံကြည်မှုတွေ၊ အရည်အချင်းတွေ မြင့်တက်လာစေမှာ ဖြစ်တဲ့အတွက် ဒီအစီ အစဉ်ကို ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

 

ဒီအစီအစဉ်က Smile Asia အဖွဲ့မှာ နိုင်ငံပေါင်းကိုးနိုင်ငံက ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်နဲ့ သူနာပြု ဆရာမတွေပါတယ်။ ကျွန်မတို့ဘက်ကလည်း နေပြည်တော် ခုတင်(၁၀ဝ၀) ပြည်သူ့ဆေးရုံကြီးမှာ တာဝန် ထမ်းဆောင်နေကြတဲ့ အထူးကုဆရာဝန်ကြီး၊ မေ့ဆေးဆရာဝန်ကြီး၊ အခြားသော ခွဲစိတ် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ပူးပေါင်း ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအနှံ့အပြားမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေကို အခမဲ့ခွဲစိတ် ပေးလျက် ရှိပါတယ်။ ဒါပေမယ့် အများအပြား ကျန်ရှိနေပါသေးတယ်။ ဒါကလည်း မွေးဖွားတဲ့ ကလေး ၅၀ဝ မှာ တစ်ဦးက နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲပါနိုင်တဲ့ အနေအထားရှိတာ ကြောင့် နှစ်စဉ်များပြားလျက်ရှိပါတယ်။ ပြီးတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနရဲ့ ဆေးရုံတွေမှာ ဒီလိုအခမဲ့ ခွဲစိတ်ကုသ ပေးနေတဲ့ အစီအစဉ်တွေရှိတာကို အသိ နည်းကြတာလည်းပါတယ်။ ဆေးရုံလာရင် ငွေကြေးကုန်ကျမလားဆိုပြီး စိုးရိမ်ကြတဲ့ အတွက် မလာရဲကြဘူး။ ဒီတော့ ခွဲစိတ်ကုသ မှုကို အသက်ကြီးတဲ့အထိ မခံယူရဘူး။ ပြည်သူ လူထုတွေအနေနဲ့ ဒီလိုအခမဲ့ ခွဲစိတ်ကုသ ပေးတာကို စောစောသိရင် စကားမပီတာမျိုး တွေ၊ ရုပ်ဆင်းအင်္ဂါချို့တဲ့တာတွေလည်း မဖြစ် တော့ဘူး။

 

ဒါကြောင့် ငွေကြေးအခမဲ့ဖြစ်တဲ့အတွက် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာတွေအနေနဲ့ လာရောက် ကုသကြဖို့ သတင်းစကားပေး ချင်ပါတယ်။ နယ်က ကလေးငယ်တွေဆိုရင် လည်း ကိုယ့်ဒေသမှာရှိတဲ့ သားဖွားဆရာမ တွေ၊ တိုက်နယ်ဆေးရုံတွေ၊ မြို့နယ်ဆေးရုံ တွေကို ဆက်သွယ်ပါ။ အဲဒီကနေတစ်ဆင့် အထူးကုဆရာဝန်ကြီးတွေရှိတဲ့ ဆေးရုံတွေကို ညွှန်းပေးပါလိမ့်မယ်။ နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲကလေးတွေရဲ့ဘဝမှာ မိမိကိုယ်ကိုယ် ယုံကြည်မှုနဲ့ အရည်အသွေးတိုးတက်စေဖို့ အတွက် နီးစပ်ရာဒေသတွေမှာ အခမဲ့ခွဲစိတ် ကုသမှုတွေ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါ တယ်။

 

8963

 

ပါမောက္ခ ဒေါက်တာဝင်းထွန်း(ခုတင်(၁၀ဝ၀)ပြည်သူ့ဆေးရုံကြီး၊နေပြည်တော်)

 

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှု အတွက် လူနာ ၁၀၂ ဦးရှိပါတယ်။ ခွဲစိတ်ကုသ မှုကို လေးရက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လူနာ ၁၀၂ ဦးထဲက ပေါင်ချိန်မပြည့်ခြင်း၊ သွေးအား နည်းခြင်း၊ အဆုတ်မကောင်း ခြင်း စတဲ့ခွဲစိတ်လို့ အဆင်မပြေတဲ့ လူနာ ရှိ၊ မရှိဆိုတာ စစ်ဆေးရပါမယ်။ ခွဲစိတ်လို့ အဆင် ပြေတဲ့ လူနာ ၈၀နဲ့ ၁၀ဝ ကြားကို ခွဲစိတ်ပေး နိုင်ဖို့ မျှော်မှန်းထားပါတယ်။

 

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးရှိပါ တယ်။ မျိုးရိုးလိုက်ပြီး ဖြစ်တာလည်းရှိတယ်။ ဗီတာမင်ချို့တဲ့တာကြောင့်လည်း ဖြစ်တာ ရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တာ လည်းရှိတယ်။ ဘာအကြောင်းပြချက်မှ မရှိဘဲ ဖြစ်တာမျိုးလည်းရှိတယ်။ အကြမ်းအားဖြင့် မြန်မာနိုင်ငံမှာ လူ ၅၀ဝ မွေးဖွားတိုင်းမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတစ်ယောက်ပါတာ ကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဆေးရုံမှာ လည်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ တစ်လ ကို သုံးဦးခန့် ပုံမှန်ခွဲစိတ်ကုသမှုတွေကို ဆောင်ရွက်ပေးနေပါတယ်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်တာတွေက တစ်တိုင်းပြည် လုံးမှာ အခမဲ့ခွဲစိတ်ပေးတာဖြစ်ပါတယ်။

 

နှုတ်ခမ်းကွဲအတွက် ခွဲစိတ်မယ့်သူတွေ အနေနဲ့ အနည်းဆုံး အသက် သုံးလရှိရမယ်။ ကိုယ်အလေးချိန် ၁၀ ပေါင်ရှိရမယ်။ သတ်မှတ် ထားတဲ့ သွေးအားရှိရမယ်။ ဒါတွေ ပြည့်စုံရင် ကျွန်တော်တို့ဘက်က ခွဲစိတ်ကုသပေးပါ တယ်။ အာခေါင်ကွဲအတွက် အနည်းဆုံး အသက်ကိုးလနဲ့ တစ်နှစ်ခွဲကြားကို ခွဲစိတ်ပေး ပါတယ်။

 

ဒေါ်ယမင်းရွှေရည်(Senior Menanger၊ ကမ္ဘောဇဘဏ်)

 

ကလေးတွေမှာ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတွေ ပါလာတတ်ကြတယ်။ မိဘ တွေအနေနဲ့လည်း သူတို့အတွက် စိတ်မချမ်း မသာဖြစ်ကြရတယ်။ သူတို့ကို ခွဲစိတ်ကုသ ပေးခြင်းအားဖြင့် သူတို့ကြီးပြင်း လာတဲ့အခါ လူတွေကြားမှာ ရဲရဲဝံ့ဝံ့ရှင်သန်လာနိုင်မယ် ဆိုပြီး အခုလိုအစီအစဉ်တွေကို ရည်မှန်း ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလိုအစီအစဉ် တွေကို ၂၀၁၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အခုဆိုရင် ရှစ်ကြိမ်ရှိပါပြီ။ နေပြည်တော်မှာက ပထမဆုံးအကြိမ်ဖြစ်ပြီး ရန်ကုန်မြို့မှာ လေးကြိမ်နဲ့ တောင်ကြီးမြို့မှာ သုံးကြိမ်ရှိပါပြီ။ ပြီးခဲ့တဲ့ ခုနစ်ကြိမ်မှာ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေ၊ မိဘမဲ့ ကလေးတွေ၊ စစ်ဘေးရှောင် စခန်းက ကလေးတွေအပါအဝင် အသက် ခြောက်လကနေ (၃၅)နှစ်အထိ ရှိတဲ့ လူနာစုစု ပေါင်း ၆၀၅ ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့ပြီးဖြစ်ပါတယ်။

 

ရန်ကုန်မြို့မှာဆိုရင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး မျက်နှာနဲ့မေးရိုးဌာန၊ တောင်ကြီး မြို့မှာဆိုရင် အမျိုးသမီးနဲ့ ကလေးဆေးရုံမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားမှုနဲ့ ဆောင်ရွက် ပါတယ်။ ဒီလိုခွဲစိတ် ကုသမှုတွေလုပ်တဲ့အခါမှာ လာရောက်ကြတဲ့ လူနာတွေမှာ ဝေးလံခေါင်ဖျားတဲ့ နယ်စပ်ဒေသ တွေကလည်း ပါဝင်ပါတယ်။ ဒီလူနာတွေ အားလုံးကို သွားလာစရိတ်၊ နေထိုင်စားသောက် စရိတ်တွေအားလုံးကို တာဝန်ယူပေးပါတယ်။ လာရောက်ကုသမှုခံယူတဲ့ အချိန်မှာလည်း ကျန်းမာရေး အသိပညာ ဗဟုသုတတွေ မျှဝေ ပေးတယ်။

 

ကျွန်မတို့အပါအဝင် အခြားအဖွဲ့အစည်း တွေလည်း ဒီလိုခွဲစိတ်ကုသမှုတွေကို ဆောင် ရွက်ပေးလျက်ရှိပေမယ့် နှုတ်ခမ်းကွဲ၊ အာခေါင် ကွဲ လူနာတွေက များပြားလျက်ရှိနေပါသေး တယ်။ ဒါကြောင့် အားလုံးက ပူးပေါင်း ဆောင်ရွက်ပေးခြင်းဖြင့် မြန်မာနိုင်ငံမှာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာတွေ တဖြည်းဖြည်း ပပျောက်ဖို့နဲ့ တစ်ဖက်ကလည်း အသိ ပညာဗဟုသုတတွေပေးပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်တွေအဖြစ် မွေးဖွား မလာဖို့ကို မျှော်လင့်ပါတယ်။

 

85963.

 

Ms. Paige Low(Program Coordinator ၊ Smile Asia)

 

ကျွန်မတို့အဖွဲ့အနေနဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာတွေကို ခွဲစိတ်ကုသပေး တာကို မြန်မာနိုင်ငံမှာ သာမကဘဲ အာရှဒေသတွင်း အခြားနိုင်ငံတွေမှာလည်း ဆောင်ရွက် ကြပါတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေမှာလည်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာတွေကို သွားရောက်ခွဲစိတ် ကုသပေးဖို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ကျွန်မတို့အဖွဲ့ကို ၂၀၁၂ ခုနှစ်မှာ စတင် ဖွဲ့စည်းပြီး စင်ကာပူနိုင်ငံမှာ အခြေစိုက်ပါ တယ်။ ဒီအကြိမ် ခွဲစိတ်ကုသမှုဆောင်ရွက်ဖို့ အတွက် ကျွန်မတို့အဖွဲ့မှာ နိုင်ငံကိုးနိုင်ငံက အဖွဲ့ဝင် ၃၃ ဦး ပါဝင်ပါတယ်။

 

98526

 

ခွန်မောင်ရီ (ဟိုပုံးမြို့နယ် တောင်ကြီးခရိုင်)

 

ကလေးက အသက်ကိုးလကျော်ပဲ ရှိပါ သေးတယ်။ ကလေးက နှုတ်ခမ်းကွဲနဲ့ မွေးလာ တော့ သူ့အမေက ဝမ်းနည်းတယ်။ ကျွန်တော်က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတွေက ခွဲစိတ် ကုသလို့ရတယ်ဆိုတာ ပြောပြပါတယ်။ ဒီလို မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ် တွေကို အခမဲ့ခွဲစိတ်ကုသပေးတဲ့ အစီအစဉ်ကို ကမ္ဘောဇဘဏ်မှာ ငွေသွားလွှဲတော့ ကြားခဲ့ရ တာပါ။ ခွဲစိတ်ကုသဖို့ နေပြည်တော်ကိုလာ တော့ နေထိုင်မှုနဲ့ သွားလာရေးကအစ အားလုံး အဆင်ပြေပါတယ်။ ကျွန်တော့်သားလေး ဒီနှုတ်ခမ်း ကွဲတာ လုံးဝပျောက်သွားတော့မှာ ဆိုတော့ တော်တော်ဝမ်းသာမိတယ်။

 

တွေ့ဆုံမေးမြန်း-မျိုးသူဟိန်း

ဓာတ်ပုံ-စိုးဝင်းထွန်း