နေပြည်တော် ၂၃ အောက်တိုဘာ
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ဇမ္ဗူသီရိမြို့၊ နန်းဦးကျောင်းတိုက်၊ ဓမ္မာရုံကြီး၌ ကျင်းပသည်။
လှူဒါန်းပွဲသို့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ညောင်ကုန်း ကျောင်းတိုက်ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်း အတွင်းဝန်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ကြည်ညိုကြသည်။
ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲတွင် ဒက္ခိဏသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ညောင်ကုန်း ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တပဏ္ဍိတထံမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းကြပြီး ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ရှားတောကျောင်းတိုက် ပဓာနနာယက၊ ဘဒ္ဒန္တဥတ္တရထံမှ အနုမောဒနာ တရားနာကြားကြကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲတွင် Coronavirus Disease 2019 (Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နေစဉ်ကာလအတွင်း ဇမ္ဗူသီရိ မြို့နယ်ရှိ ဘုန်းတော် ကြီးကျောင်း ၁၄ ကျောင်းတို့တွင် သီတင်းသုံးဝါ ဆိုတော်မူကြသော ရဟန်း၊ သာမဏေ ၆၄၁ ပါးအတွက် ဆွမ်းဆန်တော်အိတ် ၈၂ အိတ်ကို လည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်း ၄၀ နှင့် သီလရှင်ကျောင်း ၁ ကျောင်းတို့တွင် သီတင်းသုံးဝါဆိုတော်မူကြသော ရဟန်း၊ သာမဏေ ၆၁၇ ပါး၊ သီလရှင် ၉၇ ပါး တို့အတွက် ဆွမ်းဆန်တော်အိတ် ၁၃၂ အိတ်ကိုလည်းကောင်း၊ စုစုပေါင်း ဆွမ်း ဆန်တော် ၂၁၄ အိတ် တို့ကို ဆက်ကပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


