နွေနှမ်းစိုက်ပျိုးရာသီတွင် တစ်ပိုင်တစ်နိုင် ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ

ပွင့်ဖြူ   ၇  မေ     

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် နွေသီးနှံ နှမ်းစိုက်ခင်းများကို အမှီပြု၍ တစ်ပိုင်တစ်နိုင် ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ပျားရည်အထွက်နှုန်း ကောင်းမွန်၍ အဆင်ပြေလျက်ရှိကြောင်း မကွေးမြို့နယ်မှ ပျားမွေးမြူရေးလုပ်ငန်း လာရောက်လုပ်ကိုင်သည့် လုပ်ငန်းရှင်များထံမှ သိရသည်။

 

“ပျားမွေးမြူရေးလုပ်ငန်းကို မိသားစုတစ်ပိုင်တစ်နိုင် ဆောင်ရွက်လုပ်ကိုင်ပေမယ့် ဖြစ်ထွန်းမှုရှိတဲ့အတွက် လုပ်ငန်း အဆင်ပြေပါတယ်။ ယခုအချိန်က နွေသီးနှံစိုက်ပျိုးရာသီချိန်ဖြစ်လို့ မင်းဘူး(စကု)မြို့နယ်နှင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် နွေနှမ်းစိုက်ခင်းများကို အမှီပြုပြီး ပျားမွေးမြူရေးလုပ်ငန်းကို လာရောက်လုပ်ကိုင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဒီဘက်ဒေသတွေမှာ မိုးရွာသွန်းမှုများပြီး ပျားမွေးမြူရေးလုပ်ငန်းက အဆင်မပြေခဲ့ပါဘူး။ ပျားမွေးမြူရေးလုပ်ငန်းက ယခုလို ရာသီဥတုသာယာတဲ့ အချိန်ဆိုရင် ပျားရည်အထွက်နှုန်း ကောင်းပါတယ်။ ပျားမွေးမြူရေးပုံး အနည်းအများပေါ် မူတည်ပြီး ပျားရည်အထွက်နှုန်းကောင်းလေပါပဲ။ ပျားရည်ထုတ်ယူမှု အနေနဲ့ကတော့ အနည်းဆုံး ၁၅ ရက်မှ အများဆုံး တစ်လကြာမြင့်ပါတယ်။ ပျားရည်ဈေးနှုန်းက ၄၀ ကျပ်သား တစ်ပုလင်းကို ငွေကျပ် ၃၅၀ဝ နဲ့ ရောင်းချရပါတယ်၊ ပျားမွေးမြူရေးလုပ်ငန်းက ထွက်ရှိတဲ့ ပျားရည်တွေကို မကွေး၊ မင်းဘူး၊ ပွင့်ဖြူနှင့် စလင်းမြို့နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်”ဟု ပျားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

 

ပွင့်ဖြူမြို့နယ် အတွင်းနှင့် အခြားမြို့နယ်များမှ ပုဂ္ဂလိကပိုင် တစ်ပိုင်တစ်နိုင် ပျားမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ယခုနှစ်တွင် ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေသည့်အတွက် မင်းဘူး-ပွင့်ဖြူ- စလင်းသွား ကားလမ်းမဘေး (ဝဲ၊ယာ)ရှိ နွေနှမ်းစိုက်ခင်းများအနီးတွင် တစ်ပိုင်တစ်နိုင် ပျားမွေးမြူရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ကြကာ ပျားရည်အထွက်နှုန်းကောင်း၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

1