နောင်ချိုမြို့တွင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်း ဆောင်ရွက်

နောင်ချို  ၂၁  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ၂၀၁၉ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စာရင်းစစ် စာရင်းကောက်များ၊ ရပ်/ကျေးစာရေးများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက နောင်ချိုမြို့ ဘူတာရပ်ကွက်တွင် သွားရောက်ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်ခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား မြို့ပေါ်ရပ်ကွက်(၂)ခု၊ ကျေးရွာ(၁၇)ရွာတို့တွင် ဇန်နဝါရီ(၁၅)ရက်မှ(၂၈)ရက်အထိ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်အိမ်တက်ဆင်းကာ စနစ်တကျကောက်ယူဆောင်ရွက်လျက်ရှိသည်။

 

၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းတွင် လူဦးရေဆိုင်ရာအချက်အလက်များ၊ ပြည်တွင်းပြောင်းရွှေ့ သွားလာခြင်းအကြောင်းအရာ၊ ပညာရေးအကြောင်းအရာ၊ လုပ်သားအင်အား အကြောင်းအရာ၊ ကလေးမွေးဖွားမှုအကြောင်းအရာ၊ မသန်စွမ်းမှုအကြောင်းအရာ၊ သက်ကြီးရွယ်အို အကြောင်းအရာ၊ ပါဝင်လှုပ်ရှားမှု၊ အထောက်အပံ့ရရှိမှုနှင့် ဘဝပျော်ရွှင်မှု အကြောင်းအရာ၊ ပြည်ပပြောင်းရွှေ့သွားလာခြင်း အကြောင်းအရာ၊ အိမ်အကြောင်းအရာ၊ ရေ၊ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သေဆုံးမှုနှင့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု အကြောင်းအရာ စသည့်အခြေခံအချက် (၁၂)ချက်နှင့် မေးခွန်းပေါင်း(၁၁၀)ချက် တို့ဖြင့် မေးမြန်း၍ စစ်တမ်းကောက်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရသည်။

 

ထွေးငယ်(နောင်ချို)