နောင်ချို ၁၃ နိုဝင်ဘာ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊  နောင်ချိုမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ အစည်းအဝေးကို နိုဝင်ဘာ (၁၂)ရက်မွန်းလွှဲ (၃)နာရီက နောင်ချိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌကိုယ်စားဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်အေးအေးလွင်က ကလေးများကို ကျန်းမာရေးကောင်းမွန်ပြီး အာဟာရပြည့်ဝအောင်၊ ဉာဏ်ရည်ဖွံ့ဖြိုးသော ကလေးတွေဖြစ်အောင် ဧပြီလ(၁) ရက်နေ့ကစပြီး (MCCT)ဆိုသော ကိုယ်ဝန်ဆောင်မိခင်နှင့် လည်းကောင်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးများအား ထောက်ပံ့ခြင်း အစီအစဉ်များကို ယခုဆိုလျှင် ဒုတိယအကြိမ် စာရင်းကောက်ယူဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အကျိုးခံစားခွင့်ရှိသူ တစ်ဦးလျှင်ထောက်ပံ့ကြေး တစ်လလျှင်(ကျပ်တစ်သောင်းငါးထောင်တိတိ)ကို (၃)လ  တစ်ကြိမ်  ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ကလေးသူငယ်များ သက်ငယ်မုဒိမ်း ရင်ဆိုင်နေရသောအချိန်တွင် မိမိတို့ဌာနမှ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း၊ မိသားစုစားဝတ်နေရေး၊ ပညာရေး အခက်အခဲရှိလျှင် ထောက်ပံ့ကြေး ရရှိနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးခဲ့သည်။ 

 

၎င်းနောက်  တက်ရောက်လာသည့်  ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ သိလိုသည်များ မေးမြန်းဆွေးနွေးမှုကို မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူးမှ ပြန်လည်ပြောကြားခဲ့သည်။

 

အစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ထွေးငယ်(နောင်ချို-ပြန်ဆက်)