နောင်ချိုမြို့နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများ ခရီးစဉ်သစ်ဖော်ဆောင်နိုင်ရန် ထန်ပညာဂူသို့ ကွင်းဆင်း

နောင်ချို ၃၁ ဇန်နဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်နှင့် မြို့နယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများသည် ခရီးစဉ်သစ်ဖော်ဆောင်နိုင်ရေးအတွက် "ထန်ပညာဂူ" သို့ ဇန်နဝါရီ ၃၀ ရက်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ "ထန်ပညာဂူ" သည် နောင်ချိုမြို့နယ်နှင့် ၆ မိုင်အကွာတွင် တည်ရှိပြီး ဂူပေါက် ပေ ၁၅၊ အကျယ် ပေ ၂၀၀၊ ဂူအရှည် ပေ ၇၀၀ခန့်ရှိကြောင်း၊ ဂူအတွင်းသို့ ဝင်ရောက်လေ့လာရာတွင် မီးတုတ်များဖြင့် သွားလာရကြောင်း၊ အဆိုပါဂူသည် သဘာဝဂူကြီးဖြစ်ပြီး အောက်ဆီဂျင်ကောင်းကောင်းရ၍ သားရဲတိရစ္ဆာန်များ အန္တရာယ်ကင်းရှင်းကြောင်း၊ ဂူတွင်း၌ ကျောက်ဆက်ပန်းဆွဲများ၊ ကျောက်လျှာခင်းများဖြင့် လှပမှုများကို ခံစားနိုင်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှာဖွေဖော်ထုတ်ခဲ့ကြောင်း သိရသည်။

"ထန်ပညာဂူ" အား သဘာဝတောတွင်းလေ့လာမှု ခရီးစဉ်အဖြစ် ဖော်ဆောင်မည်ဖြစ်ပြီး ဂုတ်ထိပ်မှန်တံတားနှင့် ခရီးစဉ်တစ်ခုတည်းတွင် တည်ရှိပြီး ပြည်တွင်းသတင်းမီဒီယာများမှ လာရောက်လေ့လာလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်ဆက်)