နောင်ချို ၁၆ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ၁၈ နှစ်ပြည့်ပြီးသည့် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှထုတ်ဝေသည့် " ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး"လက်ကမ်းစာစောင်ကို နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးဒေါ်သန်းသန်းထွေးနှင့်ဝန်ထမ်းများက နောင်ချိုမြို့မဈေးနှင့်ယာယီပျံကျဈေးများရှိ ဈေးသည်နှင့် ဈေးဝယ်များအား ယနေ့နံနက် ၈နာရီက သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ဒုတိယအကြိမ် ကပ်ထားသည့် မဲစာရင်းတွင် မိမိအမည် ပါ/မပါ စစ်ဆေးနိုင်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း၊ Onlineမှတဆင့် မဲစာရင်းစစ်ဆေးသည့် နည်းလမ်းများ၊ ကိုဗစ်-၁၉ ရောဂါ ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်များ၊ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်စာရင်း၌ မိမိတို့ အမည်ကို လွယ်ကူစွာရှာဖွေနိုင်ရန် သိထားရမည့် အချက်များ၊ ဖြည့်စွတ်ရန်၊ ပြင်ဆင်ရန် လိုအပ်ပါကသတ်မှတ်ပုံစံများဖြင့် သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲထံတင်ပြနိုင်ရန် စသည့်အချက်များပါဝင် ကြောင်း သိရသည်။
ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို နောင်ချိုမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ပြည်သူများထံသို့လည်း သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွေးငယ်၊နောင်ချို ပြန်/ဆက်


