နောင်ချိုမြို့ ဂုတ်ထိပ်တံတားအနီးတွင် မြန်မာနိုင်ငံ၏ ပထမဆုံး မှန်တံတား တည်ဆောက်တော့မည်

နောင်ချို ၁၂  ဇန်နဝါရီ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၏ ဂုတ်ထိပ်တံတားအနီးတွင် မြန်မာနိုင်ငံ၏ ပထမဆုံး  မှန်တံတားကိုတည်ဆောက်တော့မည်ဖြစ်ကြောင်း သိရသည်။ မြေအကျယ် (၁၇)ဧကပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး မှန်တံတားအပြင် အပန်းဖြေဥယျာဉ်၊ ကစားကွင်း၊ ဘန်ဂလိုများ၊ ရွက်ဖျင်တဲများ၊ စားသောက်ဆိုင်များ စသည့်နားနေလည်ပတ်စရာများ ပါဝင်မည်ဖြစ်ကြောင်း၊ စီမံကိန်းအတွက် ရှမ်းပြည်နယ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ MOU ကို ရေးထိုးခဲ့ပြီးဖြစ်ကာ သဘောတူညီမှုစာချွန်လွှာ MOA ကို လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မှန်သားပြင်လျှောက်လမ်းတံတားကို  အမြင့်ပေ(၁၆၀)၊ အလျားပေ(၂၀၀)၊ အကျယ်ပေ (၁၂၀) ရှိ မျှော်စင်ပုံစံဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မှန်တံတားစီမံကိန်းအား ဒေသန္တရ ဖွံ့ဖြိုးရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လမ်းအပိုင်းအနေဖြင့် နောင်ချိုမှ ဂုတ်ထိပ်သို့ လမ်းကို အစိုးရမှဆောင်ရွက်ပေးထားပြီး ဂုတ်ထိပ်မှ လုပ်ငန်းဆောင်ရွက်မည့်နေရာထိ လမ်းကို ချယ်ရီမူဆယ်ကုမ္ပဏီမှ စတင်ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။

အဆိုပါ တံတားတည်ဆောက်မှုအတွက် ရင်းနှီးမြှပ်နှံမှုငွေပမာဏ ဒေါ်လာ(၅)သန်း အောက် ခန့်မှန်ထားကြောင်း၊ စီမံကိန်းအား ချယ်ရီမူဆယ်ကုမ္ပဏီမှ ဦးဆောင်ပြီး ပြည်တွင်းရှိ စိတ်ဝင်စားသော စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း  သိရသည်။

 မှန်တံတားတည်ဆောက်မည့် နေရာနှင့် အနီးတစ်ဝိုက်ရှိရွာများမှ မိဘပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းကာလ (၂)နှစ် ခန့်မှန်းထားပြီး ၂၀၂၂ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းပါကြောင်း "ချယ်ရီမူဆယ်" ကုမ္ပဏီမှ သိရသည်။

ထွေးငယ်(နောင်ချို-ပြန်ဆက်)