နောက်ဆုံးရအပြောင်းအရွှေ့သတင်းများ အဂွဲရိုးကို မျက်စိကျနေတဲ့ ပိုချက်တီနို

၉ ဇန်နဝါရီ

ပီအက်စ်ဂျီအသင်းနည်းပြသစ် ပိုချက်တီနိုက   မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးကို လာမယ့် နွေဈေးကွက်အတွင်း ခေါ်ယူနိုင်ဖို့ ဆက်သွယ်နေကြောင်း သိရပါတယ်။ အသက်(၃၂ နှစ်) ရှိပြီဖြစ်တဲ့ အဂွဲရိုးနဲ့ မန်စီးတီးတို့ရဲ့ လက်ရှိစာချုပ်ဟာ   ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ကုန်ဆုံးမှာ ဖြစ်လို့   အဂွဲရိုးလို ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို   အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ကို  ပိုချက်တီနိုဘက်က  စိတ်ဝင်စားနေတာပါ။   ပီအက်စ်ဂျီတိုက်စစ်မှာ နေမာ၊ ဘာပေ၊ အီကာဒီ၊ ဒီမာရီယာတို့ရှိပြီးသားဖြစ်ပေမယ့် တိုက်စစ်ပိုင်း ရွေးချယ်စရာ ပိုမိုများလာဖို့   အဂွဲရိုးကို ခေါ်ယူလိုတာဖြစ်ပါတယ်။ အဂွဲရိုးဘက်က ကြည့်ရင်လည်း  သူ့ရဲ့ လစာ တစ်ပတ် ပေါင် ၂၄၀၀၀၀လောက်ကိုလည်း ပေးချေနိုင်မယ့်အသင်းက ပီအက်စ်ဂျီလို ငွေကြေးတောင့်တင်းတဲ့ အသင်းလောက်သာ ရှိပါလိမ့်မယ်။ ဒါ့အပြင်  အာဂျင်တီးနားသား နည်းပြနဲ့ အာဂျင်တိုင်းကစားသမားတွေ အများအပြားရှိနှင့်ပြီးသားဖြစ်တဲ့   ပီအက်စ်ဂျီဟာ တိုက်စစ်မှူး အဂွဲရိုးအတွက် ရွေးချယ်စရာ ကလပ်အသင်းဖြစ်လာမလားဆိုတာ  နွေဈေးကွက်ကျရင် အဖြေပေါ်မှာ ဖြစ်ပါတယ်။ 


နောက်ခံလူ ရိုဟိုနဲ့  ဂိုးသမား ရိုမဲရိုးတို့နှစ်ဦးကို မန်ယူ ထွက်ခွာခွင့်ပေး မန်ယူအသင်းက ဂိုးသမား ရိုမဲရိုးနဲ့ နောက်ခံလူ ရိုဟိုတို့ နှစ်ဦးစလုံးကို   သက်တမ်းမတိုးဘဲ အသင်းကနေ ထွက်ခွာနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ မန်ချက်စတာမော်နင်း သတင်း ဌာနက ဖော်ပြပါတယ်။ ဒီအာဂျင်တီးနားကစားသမား နှစ်ဦးလုံးရဲ့ စာချုပ်သက်တမ်းဟာ လာမယ့် နွေမှာကုန်ဆုံးမှာဖြစ်ပေမယ့် မန်ယူအသင်းက တစ်နှစ်သက်တမ်း ထပ်မတိုးတော့ ဘဲ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။  ရိုဟိုက လက်ရှိ အာဂျင်တီးနားမှာ ရောက်ရှိနေပြီဖြစ်သလို ပြီးခဲ့တဲ့ ဇန်နဝါရီက အငှားသွားရောက်ကစားခဲ့တဲ့  အာဂျင်တီးနားကလပ်အက်စတူဒီယန်းတက်စ်အသင်းမှာ ပြန်ကစားဖို့ များနေပါတယ်။ ရိုမဲရိုးကတော့  ဘယ်အသင်းပြောင်းမလဲဆိုတာ    ခန့်မှန်းဖို့ ခက်ပေမယ့် အာဂျင်တီးနား ကလပ်အသင်း တစ်သင်းဆီ ပြောင်းဖို့သာ အလားအလာများနေပါတယ်။ 

မေလဲ့သင်း