နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

၂၃ ဒီဇင်ဘာ

 

 

ဆာလာကို ရောင်းမှာမဟုတ်ဘူးလို့ ယတိပြတ်ဆိုတဲ့  လီဗာပူး

 

 

တိုက်စစ်မှူး ဆာလာအနေနဲ့ လီဗာပူးအသင်းမှာ ပျော်ရွှင်မှု မရကြောင်း အီဂျစ်အသင်းဖော်ဟောင်း အဘူထရီကာက ပြောကြားခဲ့ပေမယ့် လီဗာပူးအသင်းဘက်ကတော့  သူတို့ကစားသမားကို ရောင်းချဖို့ ရည်ရွယ် ထားခြင်းမရှိဘူးလို့ The Sun သတင်းဌာနက ဖော်ပြပါတယ်။

 

 

အဘူထရီကာရဲ့ အဆိုအရ လီဗာပူးဟာ  ဘဏ္ဍာရေးအကျိုးအမြတ်အတွက် ဆာလာ့ကိုရောင်းချဖို့ ရည်ရွယ်ထားတာကြောင့် ကစားသမားက ဒီကိစ္စရပ်အပေါ် ဒေါသထွက်နေပြီး အသင်းပြောင်းဖို့ အထိတောင် စဉ်းစားနေကြောင်း  သိရပါတယ်။ ဆာလာ  လီဗာပူးအသင်းနဲ့ လက်ရှိ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၃ခုနှစ်မှသာ ကုန်ဆုံးမှာဖြစ်ပေမယ့်  အနာဂတ်မှာ လာလီဂါကို ပြောင်းရွှေ့လိုတယ်လို့ အင်တာဗျူး တစ်ခုမှာ ဖြေကြားဖူးပါတယ်။ ဒါပေမယ့် လက်ရှိမှာ အသက် (၂၈)နှစ်ရှိနေပြီဖြစ်တဲ့ ဆာလာ အနေနဲ့ လီဗာပူးက စောစောစီးစီး မထွက်ခွာရင်   ဘာစီလိုနာ၊ ရီးယဲလ်လို လာလီဂါ ထိပ်တန်းအသင်းတစ်ခုကို ရောက်နိုင်ဖို့ အလားအလာ နည်းတယ်လို့ သုံးသပ်ရမှာပါ။

 

 

ဘိုင်ယန်မြူးနစ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို အလာဘာ  ငြင်းဆို

 

 

နောက်ခံလူ အာလာဘာက  ဘိုင်ယန်မြူးနစ်ဘက်က ကမ်းလှမ်းလိုက်တဲ့ သက်တမ်းတိုး စာချုပ်ကို  ငြင်းပယ်ခဲ့တာကြောင့် ဇန်နဝါရီ ဈေးကွက်အတွင်း အားထားရတဲ့ နောက်ခံလူကို  ဆုံးရှုံးနိုင်ခြေ များနေပြီဖြစ်ကြောင်း ဘိုင်ယန်အသင်း အမှုဆောင်ချုပ် ရူမင်နစ်ဂ်က  ဝန်ခံထားပါတယ်။

 

 

အာလာဘာနဲ့ ဘိုင်ယန်တို့ ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၁ ခုနှစ် နွေဈေးကွက်အတွင်း ကုန်ဆုံးတော့မှာဖြစ်ပြီး ယခုထိ သဘောတူညီချက် တစ်စုံတစ်ရာ ယခုထိ မရရှိသေးတာကြောင့်   ပြောင်းရွှေ့ကြေးရဖို့ တစ်ခုတည်းသော နည်းလမ်းက အာလာဘာကို   လာမယ့် ဇန်နဝါရီဈေးကွက်အတွင်း ထုတ်ရောင်းသွားဖို့သာ ဖြစ်ပါတယ်။ အာလာဘာကို ခေါ်ယူဖို့ ချဉ်းကပ်နေတဲ့ အသင်းတွေထဲမှာ ရီးယဲလ်မက်ဒရစ်၊  ချယ်လ်ဆီးနဲ့  ပီအက်စ်ဂျီတို့ပါဝင်နေပြီး ရီးယဲလ်ကို ပြောင်းရွှေ့မယ်လို့ သတင်းပြေးနေပါတယ်။

 

 

အာမက်ဒိုင်လိုကို ခေါ်ယူမယ်လို့ မန်ယူ ယုံကြည်

 

 

မန်ယူအသင်းက  အတ္တလန္တာ တောင်ပံတိုက်စစ်မှူး  အာမက်ဒိုင်လိုကို ပေါင် ၁၉ သန်းနဲ့ ဇန်နဝါရီ ဈေးကွက် ဖွင့်လှစ်လှစ်ချင်းမှာ ခေါ်ယူနိုင်မယ်လို့   ဆိုပါတယ်။ ယူနိုက်တက်အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းက  ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်  ရရှိခဲ့ပြီးဖြစ်တာကြောင့်   မန်ယူကို ရောက်လာဖို့ သေချာသလောက် ရှိနေတာပါ။ မန်ယူကလည်း အီတလီပတ်စ်ပို့ကိုင်ဆောင်တဲ့ ဒိုင်လိုကို ခေါ်ယူရေးအတွက် အင်္ဂလန်နိုင်ငံက ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို အကောင်းဆုံး ကူညီနိုင်မယ်လို့ ယူနိုက်တက် ဘက်ကနေ ယုံကြည်ထားပါတယ်။

 

 

မေလဲ့သင်း

mdn