မယ်စဲ့၊    ၁၉    ဇန်နဝါရီ

           

ကယားပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ်အတွင်း သစ်တောများ ပြုန်းတီးမှုမရှိစေရေး၊ သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့် ဂေဟစနစ်များကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း၊ ကာကွယ်၊ တားဆီးရေး ကော်မတီဖွဲ့စည်းပြီး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်နိုင်ရန်အတွက် ချပြရှင်းလင်းဆွေးနွေးခြင်းကို ဇန်နဝါရီ  ၁၉  ရက် နံနက် ၁၁ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

ရှင်းလင်းဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက မယ်စဲ့မြို့နယ်အတွင်း သဘာဝ သယံဇာတနှင့် သစ်တောများ ပြုန်းတီးမှုမရှိစေရေးအတွက် ဖားဆောင်း-မယ်ဆည်နမ်-မယ်စဲ့- ဘီပီ (၁၃)၊ မယ်စဲ့-ဘီပီ(၁၄) ကားလမ်းဘေးနှင့် ပန်တိန်းကျေးရွာ လယ်ယာကုန်ထုတ်လမ်း လမ်းဘေးရှိ သစ်တောများ စည်းကမ်းမဲ့ခုတ်ထွင်မှုများ မပြုလုပ်စေရေးနှင့် ရွှေ့ပြောင်းတောင်ယာစနစ် လျော့နည်းစေရေး ဖွဲ့စည်းထားသော ကော်မတီများမှ ကြီးကြပ်ဆောင်ရွက်စေလိုကြောင်း၊ အခြားဒေသမှ တောင်ယာခုတ်ထွင်ရှင်းလင်းမှုနှင့် မျောတိုင်ခုတ်ယူထုတ်လုပ်မှုများ မရှိစေရေး ကျေးရွာ ကော်မတီများက စနစ်တကျ ကြီးကြပ်ဆောင်ရွက်စေ လိုကြောင်းနှင့် ရပ်ကွက်/ကျေးရွာ ကော်မတီများ၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဆွေးနွေးခဲ့သည်။

 

မယ်စဲ့မြို့နယ်တွင် စည်းကမ်းမဲ့ တောင်ယာခုတ်ထွင်မှု၊ သစ်တော၊ သစ်ပင်များ ခုတ်ထွင်မှုများ များပြား လာသည့်အတွက် သဘာဝပတ်ဝန်းကျင်များ ပျက်စီးမှုမရှိစေရေးနှင့် ရာသီဉတုပြောင်းလဲမှု တို့ကို လျှော့ချနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်း၍ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းထံမှ သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)