မယ်စဲ့ ၃၀ မေ
ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူသည် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာလအတွင်း မယ်စဲ့မြို့နယ်၌ ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် နမ့်မန်းစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး နေ့စဉ်စစ်ဆေး ဆောင်ရွက်နေမှုအခြေအနေ၊ မယ်စဲ့မြို့ ၄ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဆိုင်ရာ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးအား ဝင်ရောက်စစ်ဆေးခဲ့သည်။
ဆက်လက်၍ မယ်စဲ့-နမ့်မန်း-ဘီပီ(၁၃)လမ်း အဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ နမ့်မန်းစစ်ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန်များအား လက်ခံနေမှုအခြေအနေနှင့် ကျန်းမာရေး စစ်ဆေးမှု လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ မယ်စဲ့-ဟိုစဲ့-ဘီပီ(၁၄) လမ်း မူလအကျယ် ၁၂ ပေ မှ ၁၈ ပေ အကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


