မယ်စဲ့ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ပြောင်းဆန်တင်ပို့မှု စံချိန်တင်မြင့်တက်

မယ်စဲ့  ၂၀   မတ် 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မယ်စဲ့ကုန်သွယ်ရေးစခန်းမှ ကယား ပြည်နယ်ထွက် ပြောင်းဆန်များကို ထိုင်းနိုင်ငံသို့တင်ပို့မှုမှာ စံချိန်တင်မြင့်တက်လျက်ရှိကြောင်း မယ်စဲ့ကုန်သွယ်ရေးစခန်းတာဝန်ခံ ဦးစိုးနိုင်ထံမှ သိရသည်။

ယခုဘဏ္ဍာနှစ်အစတွင် မယ်စဲ့ကုန်သွယ်ရေးစခန်းမှ အိမ်နီးချင်းထိုင်းနိုင်ငံသို့ ပြောင်းဆန် တင်ပို့ရောင်းချပေးနေသဖြင့် ဈေးကွက်ပုံမှန်လှုပ်ရှားမှုရှိနေသော်လည်း ဖေဖော်ဝါရီ ၇ ရက်မှ လကုန်အထိ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၄၀ ဖြင့် ပြောင်းဆန် ၂၂၄၈ ဒသမ ၁ တန်၊ မတ်လအစမှ မတ် ၁၈ ရက်အထိ ပြောင်းဆန် ၂၆၇၂ ဒသမ ၅၀ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ပြောင်းဆန်ဝယ်ယူမှု လျော့ကျနေသော်လည်း မယ်စဲ့ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရာတွင် ကယားပြည်နယ်အတွင်းမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းဆန် များအပြင် ရှမ်းပြည်နယ် မိုးဗြဲ၊ ဖယ်ခုံ၊ ဆီဆိုင်တစ်ဝိုက်မှ ပြောင်းဆန်များကိုလည်း တင်ပို့ရောင်းချခဲ့သည်။

“လက်ရှိမှာ ပြောင်းဆန်တစ်ပိဿာကို မြန်မာငွေကျပ် ၄၀ဝ ပေးဝယ်ရပြီး ထိုင်းနိုင်ငံကို တင်ပို့ရောင်းချရာမှာ ထိုင်းဘတ်ငွေ အတက်အကျပေါ်မူတည်ကာ ပျမ်းမျှတစ်ပိဿာ မြန်မာငွေ ၄၇၅ ကျပ် ရရှိပါတယ်။  အားသာချက်အနေနဲ့ အရင်တုန်းက ဒေသထွက်ပြောင်းဆန်တွေကို ရန်ကုန်ဈေးကွက်ကိုသာ တင်ပို့ရောင်းချရပြီး ယခုအခါမှာ မယ်စဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်လိုက်တဲ့အတွက် ခရီးလမ်းအတိုဆုံးနဲ့ အချိန်ကုန်သက်သာတဲ့အတွက် ရန်ကုန်ဈေးကွက်တင်ပို့မှုထက် ၁၀ ကျပ် (သို့မဟုတ်) ၁၅ ကျပ် ဈေးပိုရတယ်။ အားနည်းချက်အနေနဲ့ကတော့ ထိုင်းနိုင်ငံဘက်က ငွေချေတာကြန့်ကြာတဲ့အတွက် တစ်ခါတစ်ရံ အရှုံးနည်းနည်းရှိပါတယ်။ ဘာဘဲဖြစ်ဖြစ် မယ်စဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်လိုက်တဲ့အတွက် အလွန်ဝမ်းသာမိပါတယ်”ဟု ပြောင်းကုန်သည်တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံသို့တင်ပို့သည့် မြန်မာပြောင်းဆန်များကို ပြောင်းရာသီချိန်တွင် နှစ်နိုင်ငံအခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နေခြင်းဖြစ်ပြီး ပြောင်းဆန်တစ်အိတ်လျှင် ၅၀ ကီလိုဂရမ် အလေးချိန်ရှိကြောင်း သိရသည်။ မယ်စဲ့ကုန်သွယ်ရေးစခန်းမှ တင်ပို့သည့်ပြောင်းဆန်များကို ထိုင်းနိုင်ငံ ဟွေတနွန် နယ်စပ်ဂိတ်တွင် ဖုံ၊ သဲ၊ ခဲ ကင်းစင်သည့်စက်ဖြင့် သန့်စင်ပြီး ပြန်လည်ထုပ်ပိုးကာ နိုင်ငံတကာဈေးကွက်သို့ ပြန်လည် တင်ပို့ရောင်းချကြောင်း သိရသည်။

ထိုင်းဈေးကွက်သို့ တင်ပို့ရောင်းချသည့် ပြောင်းဆန်များကို မယ်စဲ့ဘီပီ(၁၃) နယ်စပ်ဂိတ်တွင် ထိုင်းနိုင်ငံမှကားများဖြင့် လာရောက်သယ်ယူပြီး ပြောင်းဆန်အိတ်များ အတင်အချပြုလုပ်ရာတွင် ပြောင်းဆန်တစ်အိတ်လျှင် တင်ခ မြန်မာငွေ ကျပ် ၁၅၀ နှင့် ချခ မြန်မာငွေ ကျပ် ၁၀ဝ ခန့် ရရှိသဖြင့် နမ့်မန်းကျေးရွာပြည်သူများအနေဖြင့် တစ်ရက်ပျမ်းမျှ  အလုပ်သမားခ  တစ်ဦးလျှင်  မြန်မာငွေကျပ် ၁၅၀ဝ၀ခန့် ရရှိကာ  အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေကြောင်း အလုပ်သမားတစ်ဦးထံမှ သိရသည်။

“အရင်က မယ်စဲ့ကုန်သွယ်ရေးစခန်းကနေ မသွားဖူးတဲ့ ပြောင်းဆန်တွေဟာ ယခုပြောင်းရာသီချိန်မှာ ထိုင်းနိုင်ငံကို တင်ပို့မှုအားကောင်းတဲ့အတွက် ဒေသခံတောင်သူတွေအနေနဲ့ အဆင်ပြေတဲ့အတွက် နောင်ရာသီမှာ ပိုမိုတိုးချဲ့စိုက်ပျိုးလာနိုင်မှာဖြစ်တယ်”ဟု ပြောင်းစိုက်တောင်သူတစ်ဦးက ပြောကြားသည်။

ဝတ်ရည်(ပြန်/ဆက်)