Myanmar Insight Seminar 2019 တွင် မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းများ မြှင့်တင်ရန် ဆောင်ရွက်မည်

ရန်ကုန်  ၂၆  ဇူလိုင် 

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းများမြှင့်တင်နိုင်ရန် ရည်ရွယ်၍ Myanmar Insight Seminar 2019 ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Central World ရှိ စင်ထရာဟိုတယ်တွင် သြဂုတ်လ ၂၃ ရက်၌ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ ထိုင်းသံရုံးထံမှ သိရသည်။

ယင်းပွဲကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနှင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း (TBAM) တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ယခုကျင်းပသည့် Myanmar Insight Seminar 2019 သည် လေးကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်သည်။

၂၀၁၉ မှာ ကျင်းပမယ့် Insight Forum မှာ မြန်မာနိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်းကို အသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ထိုင်းသံရုံးနဲ့ TBAM တို့ပူးပေါင်းပြီးတော့လည်း မြန်မာနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကို ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေသိရှိနိုင်ဖို့ ကူညီဆောင်ရွက်ပေးနေပါတယ်ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် H.E. Mrs. Suphatra Srimaitreephithak က ပြောကြားသည်။

အဆိုပါ Insight Forum တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၊ ဘဏ်စီမံကိန်းများ၊ လက်လီလက်ကားကဏ္ဍ၏ လုပ်ငန်းအခွင့်အလမ်းများ၊မြန်မာနိုင်ငံအတွင်းတိုးချဲ့နိုင်မည့် ကုန်ထုတိလုပ်ငန်းအခွင့်အလမ်းများ၊ အခွန်ပြုပြင်ပြောင်းလဲမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာမူဝါဒအကြောင်းများကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) ဆိုင်ရာညွန်ကြားရေးမှူးချုပ်ဟောင်း H.E. Dr.Supachai Panitchakdi က စီးပွားရေးလုပ်ကိုင်ရာတွင် လုပ်ဆောင်ရမယ့် အချက်များ ခေါင်းစဉ်ဖြင့် ပြောကြားသွားမည်ဖြစ်ကြောင်း ထိုင်းသံရုံးထံမှ သိရသည်။

ထို့ပြင် ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံတွင် စီးပွားရေးလာရောက် ရင်းနှီးမြှုပ်နှံသူများ အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ခေါင်းစဉ်အတွက် ပါဝင်ပြောကြားသွားမည်ဖြစ်သည်။

သူရိန်ကျော်