မူဆယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းမှ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ကျပ်သိန်းပေါင်း ၆၆၀ ကျော် လှူဒါန်း

မူဆယ်၊  ၂၀ ဇန်နဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ နယ်စပ်ဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင် ရေးအတွက် မူဆယ်စီးပွားရေးလုပ်ငန်းရှင်များအသင်းက ငွေကျပ်(၆၆၂)သိန်း ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက် ၁၀ နာရီခန့်က မူဆယ်ခရိုင်၊ ခရိုင်/မြို့နယ် စုပေါင်း အစည်း အဝေးခန်းမ၌ ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ကျင်းပသည်။

အခမ်းအနားတွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူ နိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်ပြီး မူဆယ်စီးပွားရေး လုပ်ငန်းရှင်များအသင်းမှ ဒါရိုက်တာ ဦးဟန်ဝင်းနှင့် ဦးအောင်ရင်တို့က အလှူငွေပေးအပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူးက လက်ခံပြီး လှူဒါန်းမှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

ထို့ပြင် မူဆယ်မြို့ နယ်စပ်ဒေသ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မူဆယ်စီးပွားရေး လုပ်ငန်းရှင်များအသင်းမှ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများကို ပါဝင်လှူဒါန်းခဲ့သလို မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူနိုင်ရေး အတွက် ထပ်မံလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)