မုံရွာမြို့ ကန်သာယာပျံကျဈေးတွင် ဖော်မလင်ဆေးသုံးထားသော ပဲပြားများတွေ့ရှိသဖြင့် မြေမြှုပ် ဖျက်ဆီး

မုံရွာ  ၁၃  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီး ဌာနနှင့် မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ရှိ ကန်သာယာ ပျံကျဈေးတွင် ယနေ့နံနက် ၇ နာရီက အစားအသောက်များ ဘေးကင်းလုံခြုံရေးအတွက် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဖော်မလင်ဆေးသုံးရောင်းချလျက်ရှိသော ပဲပြားများ တွေ့ရှိရသဖြင့် မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ဖော်မလင်ဆေးသည် အသေကောင်များအား မပုပ်မသိုးစေရန် အသုံးပြုသည့်ဆေးဖြစ်ပြီး ၎င်းဆေးကို အစားအစာများမှ တစ်ဆင့် လူ့ကိုယ်ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်မှု များလာပါက ရေရှည်တွင် သွေးကင်ဆာကဲ့သို့ ရောဂါများကို လည်းကောင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ခံစားရနိုင်ကြောင်း သိရသည်။

 

 ““ အခုအချိန်မှာ ရာသီဥတု ကလည်းပူတယ်၊ ရောဂါကြောင့်လည်း အားလုံးက သတိဝီရိယနဲ့ နေရတဲ့ အချိန်မှာ အခုလိုတားမြစ်ထားတဲ့ အစားအစာကို ကြာရှည်ခံပြီး ရောင်းရအောင်လို့ တားမြစ်ထားတဲ့ ဆေးတွေသုံးစွဲရောင်းချတာကို မလုပ်ကြဘဲ သမ္မာအာဇီဝကျကျ ရောင်းချကြဖို့ပြောချင်ပါတယ်၊ ဒီကနေ့ တွေ့ရှိတဲ့ အိုင်တံဆိပ် ပဲပြား တွေဖြစ်တယ်၊ ထုတ်လုပ်တာက မန္တလေးမြို့ကလို့ သိရတယ်၊ မနှစ်က ဒီလိုအချိန်ကလည်း သာစည်ဈေးနဲ့ သံလမ်းဈေးမှာလည်းတွေ့လို့ အသိပညာပေးပြီး ဖျက်ဆီးခဲ့ရတယ်၊ ပြီးခဲ့တဲ့နှစ်ဒီလိုအချိန်မှာ တွေ့ခဲ့တဲ့အချိန်က နေစပြီး တောက်လျှောက်စစ်ဆေးတာလုံးဝမတွေ့ရဘူး၊ ဒီနေ့မှ ပြန်စတွေ့တာ ဖြစ်တယ်။ လက်ရင်းကထည့် တာလား၊ လက်ခွဲကထည့်တာလား ဆိုတာကိုတော့ စနစ်တကျ ဆက်လက်စုံစမ်းမှာ ဖြစ်ပါတယ်၊ ဖြစ်နိုင်ရင်တော့ အခုလောလောဆယ် စည်ပင်သာယာရေး အဖွဲ့နဲ့ ညှိနှိုင်းပြီး ပဲပြားကို ပေးမရောင်းတော့ဘူး၊ တကယ်လို့ ရောင်းချင်တယ်ဆိုရင် ကျွန်တော်တို့ဆီကို ညနေပိုင်းလာရောက် အစစ်ဆေးခံပါ အစစ်ဆေးခံပြီးမှပဲ ရောင်းချခွင့်ပေးမှာ ဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းလင်းအောင် က ပြောသည်။

 

ဖော်မလင်ဆေးသုံးထားသည့် ပဲပြားများကို စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ ရွေ့လျားဓာတ်ခွဲခန်းပါ မော်တော်ယာဉ်ဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ခြင်းဖြစ်ကြောင်းနှင့် သိမ်းဆည်းရရှိခဲ့သည့် ဖော်မလင်ဆေးပါ ပဲပြားများကို မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းနှင့် ဝန်ထမ်းများမှ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)