အသက် ၆ နှစ်မှ ၁၈ နှစ်အထိ မသန်စွမ်းကလေးများအား ဖွံ့ဖြိုးမှုနယ်ပယ်ငါးရပ် သင်ကြားပေးမည်

နေပြည်တော် ဇူလိုင် ၂၇

 

မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (နေပြည်တော်) ၌ အသက် ၆ နှစ်မှ ၁၈ နှစ်အထိ မသန်စွမ်း ကလေးများအား ရုပ်ပိုင်းဆိုင်ရာ၊ သိမှုပိုင်းဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှုနယ်ပယ် ငါးရပ်ကို အဓိကထား လေ့ကျင့်သင်ကြားပေးမည် ဖြစ်ကြောင်း အဆိုပါကျောင်းဖွင့်ပွဲမှ သိရသည်။

 

ထို့ပြင် နေ့စဉ်လုပ်ငန်းဆောင်တာများ ကိုယ်တိုင်လုပ်ဆောင်နိုင်ရေး (Activities of Daily Living - ADL) အတွက် လေ့ကျင့်သင်ကြားပေးမှု၊ အထူးပညာရေး (Special Education) စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးမှုတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မသန်စွမ်းသက်ငယ်သင်တန်းကျောင်း (နေပြည်တော်) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း ကျောင်းတည်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇဝနဒီပရပ်ကွက်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖွင့်ပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင့်တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းကလေးများနှင့် ကိုယ်အင်္ဂါမသန်စွမ်း ကလေးများအား အထူးပညာရေးစနစ်ဖြင့် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ယူ ဆောင်ရွက်မည့် ဝန်ထမ်းများအနေဖြင့် စေတနာ၊ အကြင်နာ၊ ဝါသနာ၊ ကရုဏာ၊ အနစ်နာတို့ဖြင့် မသန်စွမ်းကလေးများကို မိမိတို့၏ သားသမီးများကဲ့သို့ နွေးထွေးစွာပြုစုစောင့်ရှောက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။

 

ဖွင့်ပွဲအပြီးတွင် မသန်စွမ်းကလေးများ၏ ဘာသာရပ်များသင်ယူနေမှုနှင့် လှုပ်ရှားဆောင်ရွက်မှုများကို ကြည့်ရှုအားပေးပြီး မသန်စွမ်း ကျောင်းသား ကျောင်းသူများအတွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

မသန်စွမ်းသူများအနေဖြင့် လူမှုအသိုက်အဝန်းအတွင်း အမှီအခိုကင်းစွာ ရပ်တည်နေထိုင်စေရေးနှင့် ၎င်းတို့၏ ဘဝဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးတို့ကို ရည်ရွယ်၍ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း နှစ်ကျောင်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ ဖွင့်လှစ်ထားပြီဖြစ်ပြီး ယခုနေပြည်တော်၌ ဖွင့်လှစ်သည့်ကျောင်းသည် တတိယမြောက်ဖွင့်လှစ်နိုင်ခဲ့သည့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဖြစ်သည်။

သတင်းစဉ်