ရန်ကုန် မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) မှ လှော်ကားသဘာဝဥယျာဉ်သို့ Mountain Bike(MTB) အမျိုးသား၊ အမျိုးသမီး(လူသစ်တန်း) စက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ရှေ့၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး စက်ဘီးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ စက်ဘီးစီးဝါသနာရှင်များနှင့် ဒေသခံပြည်သူများ ကြည့်ရှုအားပေးကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က Mountain Bike (MTB) အမျိုးသား၊ အမျိုးသမီး(လူသစ်တန်း) စက်ဘီးစီးပြိုင်ပွဲကို သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်များသည် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ စတင်တာထွက်ကြပြီး ပြည်လမ်းအတိုင်း လှော်ကားသဘာဝဥယျာဉ်တွင် ပန်းဝင်ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က အားပေးကြိုဆိုကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက Mountain Bike (MTB) အမျိုးသား၊ အမျိုးသမီး(လူသစ်တန်း) စက်ဘီးစီးပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အသက်အကြီးဆုံး အားကစားသမားများနှင့် နှစ်သိမ့်ဆုရရှိသူများအား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပန်းဝင်သူအားလုံးအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အားပေးစကားပြောကြားသည်။
ဝင်ရောက်ယှဉ်ပြိုင်
အဆိုပါပြိုင်ပွဲတွင် စက်ဘီးအားကစားသမား အမျိုးသား ၄၂၈ ဦးနှင့် အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၄၄၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


