Monsoon President Cup ဂေါက်သီးရိုက်ပြိုင်ပွဲ ဇွန် ၁၀၊ ၁၁ ရက် ကျင်းပမည်

ရန်ကုန်   မေ   ၂၅

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်က ကြီးမှူး၍ Monsoon President Cup ဂေါက်သီးရိုက်ပြိုင်ပွဲကို ဇွန် ၁၀ ရက်နှင့် ၁၁ ရက်တွင် ရန်ကုန်မြို့ရှိ ဥက္ကလာဂေါက်ကွင်း၌ နှစ်ရက်ကြာကျင်းပမည် ဖြစ်သည်။

ပြိုင်ပွဲတွင် Professional အဆင့်ကစားသမားတစ်ဦးနှင့် Amateur အဆင့် ကစားသမားတစ်ဦးစီ ပါဝင်သော နှစ်ယောက်တွဲအသင်းလိုက် (အကျောမဲ့)၊ တစ်ဦးချင်း အကျောမဲ့ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး ၁၈ ကျင်း နှစ်ရက်ဖြင့် ၃၆ ကျင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဆုများအဖြစ် နှစ်ယောက်တွဲ အသင်း လိုက် (အကျောမဲ့) ပြိုင်ပွဲတွင် အဆင့် ၁ မှ ၅ အထိ ရရှိသူများ ကိုလည်းကောင်း၊ တစ်ဦးချင်း အနေဖြင့် Professional ၊ Senior Professional နှင့် Amateur တို့အတွက် အဆင့် ၁ မှ ၃ အထိ ရရှိသူသုံးဦးစီဖြင့် စုစုပေါင်း ကိုးဦးကိုလည်းကောင်း ချီးမြှင့်မည်ဖြစ်သည်။ ဆုကြေးများအဖြစ် အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုငွေကျပ် သိန်း ၂၀၊ ဒုတိယဆုငွေကျပ် ၁၅ သိန်း၊ တတိယဆု ငွေကျပ် ၁၀ သိန်း၊ စတုတ္ထဆု ငွေကျပ် ခုနစ် သိန်း၊ ပဉ္စမဆု ငွေကျပ် ငါးသိန်း၊ တစ်ဦးချင်း Professional ပြိုင်ပွဲတွင် ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ခုနစ်သိန်း၊ တတိယဆု ငွေကျပ် ငါးသိန်း၊ Senior Professional နှင့် Amateur ပြိုင်ပွဲ နှစ်ခုစလုံးတွင် ပထမဆု ငွေကျပ် ခုနစ်သိန်း၊ ဒုတိယဆု ငွေကျပ် ငါးသိန်း၊ တတိယဆု ငွေကျပ် သုံးသိန်းစီ ချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲ နှစ်သင်းစလုံး ယှဉ်ပြိုင်မည့် အသင်းများကို မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်က ငွေကျပ် တစ်သိန်းစီ ထောက်ပံ့သွားမည်ဖြစ်သည်။

ဝင်ရောက်ယှဉ်ပြိုင်လိုသော  ကစားသမားများအနေဖြင့် ဇွန် ၇ ရက် မွန်းလွဲ ၂ နာရီ နောက်ဆုံးထားကာ ဖုန်းနံပါတ် ၀၉၇၇၉၈၄၆၇၆၁ သို့ အမည်စာရင်း ပေးသွင်းနိုင်ပြီး ပြိုင်ပွဲဝင်ဦးရေ ကန့်သတ်ထားသော ကြောင့် စာရင်းပေးသွင်းရာတွင် သတ်မှတ်ရက်မတိုင်မီ ပြိုင်ပွဲဝင်အရေအတွက် ပြည့်ပါက စာရင်းပိတ် မည်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင် မည့်အသင်းများအနေဖြင့် ကွင်းနှင့်ပတ်သတ်သော ကုန်ကျစရိတ် များကို မိမိအစီအစဉ်ဖြင့် ပေးသွင်းရမည်ဖြစ်သည်။ အသင်းခေါင်းဆောင်များ အစည်းအဝေးကို ဇွန် ၈ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပမည်ဖြစ်ပြီး မပျက်မကွက်တက်ရောက်ရမည်ဖြစ်ကာ အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၇၇၉၈၄၆၇၆၁သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရ သည်။

ကိုညီလေး