မန်ယူနောက်တန်းကစားသမား အက်ရှ်လေယန်းတစ်နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆို

၁၂  ဖေဖော်ဝါရီ

 

မန်ယူအသင်းရဲ့ နောက်တန်းကစားသမားတစ်ဦးဖြစ်တဲ့ အက်ရှ်လေယန်းဟာ တစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ထပ်တိုးချုပ်ဆိုခဲ့တာကြောင့် အိုးထရက်ဖို့ဒ်တွင်၂၀၂၀ ပြည့်နှစ်အထိ ဆက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

 

အသက် ၃၃ နှစ်အရွယ်ရှိ နောက်တန်းကစားသမား အက်ရှ်လေယန်းရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ အခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလအတွင်းမှာ ကုန်ဆုံးမှာ ဖြစ်ပြီး မန်ယူအသင်းနဲ့အတူ ကာလရှည်ကစားခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ နောက်တန်းကစားသမား အက်ရှ်လေယန်းဟာ ၂၀၁၁ ခုနှစ်အတွင်းက အက်စ်တွန်ဗီလာ အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ကြေးပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်ယူအသင်းနဲ့အတူ လက်ရှိအချိန်အထိ ပွဲပေါင်း ၂၂၇ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီးလည်းဖြစ်ပါတယ်။

 

နောက်တန်းကစားသမား အက်ရှ်လေယန်းဟာ မန်ယူအသင်းနဲ့အတူ ပါဝင်ကစားခဲ့ရာမှာ ပရီမီယာလိဂ်ဖလား၊ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလားတွေကို ရယူပေးနိုင်ခဲ့ပါတယ်။

 

မန်ယူအသင်းအနေနဲ့ အသင်းအတွက် အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး မာရှယ်လ်နဲ့ နောက်တန်းကစားသမား ဖီးလ်ဂျုံးစ်တို့ကိုလည်း စာချုပ်သစ်ချုပ်ဆိုထားကြောင်း သိရပါတယ်။

 

ငွေကြယ်