မန်ယူအသင်းကိုအနိုင်ရပြီး ဗီလာရီးယဲလ်အသင်း ယူရိုပါလိဂ်ဖလား ပထမဆုံးအကြိမ် ဆွတ်ခူး

ဗီလာရီးယဲလ်အသင်းနဲ့ မန်ယူအသင်းတို့ မေ ၂၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ ဗီလာရီးယဲလ်အသင်းက မန်ယူအသင်းကို အနိုင်ရရှိပြီး ယူရိုပါလိဂ်ဖလားကို ရယူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ဗီလာရီးယဲလ်အသင်းက ပွဲကစားချိန် ၂၉ မိနစ်မှာ မိုရီနိုရဲ့ သွင်းဂိုးနဲ့ အဖွင့်ဂိုးစတင်ရရှိခဲ့ပြီး မန်ယူအသင်းက ပွဲကစားချိန် ၅၅ မိနစ်မှာ တိုက်စစ်မှူးကာဗာနီရဲ့ သွင်းဂိုးနဲ့ ချေပဂိုး ပြန်လည် ရရှိခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ် ခံယူ

ဗီလာရီးယဲလ်အသင်းနဲ့ မန်ယူအသင်းတို့ဟာ သာမန်ပွဲကစားချိန်အတွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး အချိန်ပိုကစားရာမှာလည်း ပြတ်သားတဲ့ ရလဒ်မထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ တခြားကစားသမားတွေရဲ့ ပင်နယ်တီသွင်းဂိုးတွေ ဂိုးဝင်ခဲ့ပေမယ့် ပြိုင်ပွဲရဲ့ အဆုံးအဖြတ်ဖြစ်တဲ့ ဂိုးသမား ဒီဂီယာရဲ့ ပင်နယ်တီသွင်းဂိုး ဂိုးမဝင်ခဲ့လို့ ဗီလာရီးယဲလ်အသင်းက မန်ယူ အသင်းကို ၁၂ ဂိုး-၁၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဗီလာရီးယဲလ်အသင်းဟာ ယူရိုပါလိဂ်နောက်ဆုံးဗိုလ်လုပွဲကို ပထမဆုံး တက်လှမ်းခဲ့ရာမှာ ပထမအကြိမ် မှာပဲ ဆုဖလားကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းကတော့ ဗီလာရီးယဲလ်အသင်းကိုရှုံးနိမ့်ခဲ့တာဟာ ပြိုင်ပွဲအရပ်ရပ်မှာ သာမန်ပွဲကစားချိန် အတွင်း ပြတ်သားတဲ့ရလဒ်မထွက်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတဲ့နောက်ဆုံးပွဲစဉ်ခုနစ် ပွဲမှာ ခြောက်ပွဲအထိ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဗီလာရီးယဲလ်အသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်မှာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရသူကတော့ ဗီလာရီးယဲလ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး မိုရီနို ဖြစ်ပြီး မိုရီနိုဟာ ဗီလာရီးယဲလ်အသင်းအတွက် ပြိုင်ပွဲအရပ်ရပ်မှာ တစ်ရာသီအတွင်း သွင်းဂိုး ၃၀ အထက် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ငွေကြယ်