မန်ယူအသင်းက ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုကို စာချုပ် ချုပ်ဆိုခေါ်ယူရန် နီးစပ်လာ

ဇွန် ၂၇

ပရီမီယာလိဂ်ကလပ် မန်ယူအသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါကလပ်ဒေါ့မွန်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဆန်ချိုကို စာချုပ်ချုပ်ဆိုခေါ်ယူဖို့  နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

မန်ယူအသင်းအနေနဲ့ အသက် ၂၁ နှစ် အရွယ်ရှိလူငယ်တိုက်စစ်မှူး ဆန်ချိုကို စည်းမျဉ်းအရ သဘောတူညီမှုတွေ ရရှိထားပြီး ပြောင်းရွှေ့ကြေးပေါင် ၇၃ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီထားကာ လာမည့်သီတင်းပတ် နှစ်ပတ်အတွင်း အိုးထရက်ဖို့ဒ်အရောက် ခေါ်ယူသွားဖို့လည်းရှိနေတယ်လို့သိရပါတယ်။

တိုက်စစ်မှူး ဆန်ချိုဟာ ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းအတွက် ၁၃၇ ပွဲ ပါဝင်ကစားပေးထားကာ သွင်းဂိုး စုစုပေါင်း ၅၀ သွင်းယူပေးထားတာဖြစ်ပြီး အင်္ဂလန်အသင်းအတွက် ပွဲစဉ်စုစုပေါင်း ၂၀ အထိ ပါဝင်ကစားပေးထားတာဖြစ်ပါတယ်။

ဒါ့အပြင် တိုက်စစ်မှူးဆန်ချိုဟာ မေလ အတွင်းက လိုက်ပ်ဇစ်အသင်းကို ဒေါ့မွန်အသင်းက အနိုင်ရရှိခဲ့တဲ့ ဂျာမန်ပိုကယ်ဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ မွန်အသင်းအတွက် သွင်းဂိုးနှစ်ဂိုးအထိ သွင်းယူပေးထား နိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ သုံးရာသီအတွင်းမှာ ဒေါ့မွန်အသင်းရရှိခဲ့တဲ့ သွင်းဂိုး ၁၀၉ ဂိုးမှာ တိုက်ရိုက်ပတ်သက်မှုတွေ ရှိခဲ့တာလည်းဖြစ်ပါတယ်။

တိုက်စစ်မှူး ဆန်ချိုဟာ ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက ပရီမီယာလိဂ်ကလပ် မန်စီးတီးအသင်းကနေ ဂျာမန်ဘွန်ဒက်လီဂါ ကလပ် ဒေါ့မွန်အသင်းဆီသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်းက ဆန်ချိုကို ရောင်းချခဲ့မယ် ဆိုရင် ရောင်းချခဲ့တဲ့ဈေးနှုန်းရဲ့ ၁၅ ရာခိုင်နှုန်း ကို မန်စီးတီးအသင်းက ရရှိမှာဖြစ်တယ်လို့ လည်း သိရပါတယ်။

ငွေကြယ်