မန်ယူအသင်း လီဗာပူးအသင်းအား အိမ်ကွင်းတွင် ငါးဂိုးပြတ်ရှုံးနိမ့်

ပရီမီယာလိဂ်ပွဲစဉ်(၉)ရဲ့ အကောင်းဆုံးပွဲစဉ် တစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ ပွဲစဉ်ကို အောက်တိုဘာ ၂၄ ရက်ညပိုင်းက မန်ယူအသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက မန်ယူအသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ လီဗာပူးအသင်းကို ငါးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ခြင်းဟာ မန်ယူအသင်းအတွက်  အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယခုနှစ် ပရီမီယာလိဂ်ရာသီအတွင်း ပထမဆုံးဂိုးပြတ်ရှုံးပွဲကြုံခဲ့ရတာလည်း ဖြစ်ပါ တယ်။ ယခုရှုံးပွဲကြောင့် မန်ယူအသင်းနည်းပြဆိုးလ်ရှား၏ အနာဂတ်မှာလည်း မရေမရာ ဖြစ်လာပါ တယ်။

မန်ယူအသင်းနဲ့ လီဗာပူးအသင်းတို့ ပွဲစဉ်မှာ လီဗာပူးအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ငါးမိနစ်မှာ ကီတာ၊ ၁၃ မိနစ်မှာ ဂျိုတာတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ပြီး ၃၈ မိနစ်၊ ၄၅ မိနစ်နဲ့ မိနစ် ၅၀ တို့မှာ တိုက်စစ်မှူး မိုဟာမက်ဆာလာက ဟက်ထရစ် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ ပထမပိုင်းပွဲကစားချိန်အတွင်း လေးဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် ဒုတိယပိုင်းမှာ အသင်းအတွက် အားထားရတဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာကို ထည့်သွင်းကစားခဲ့ပေမယ့် မိနစ် ၆၀ အရောက်မှာ ကြမ်းတမ်းစွာကစားခဲ့မှုကြောင့် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ တစ်ယောက်လျော့နဲ့ ကစား ခဲ့ရပြီး ချေပဂိုး ပြန်လည်ရရှိရေးထက် နောက်ထပ် ဂိုးတွေ ထပ်မပေးရရေးကိုသာ ဦးတည် ကစားခဲ့ရတာ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာ လီဗာပူးအသင်းအတွက် သွင်းဂိုး သုံးဂိုးအထိသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ လီဗာပူး အသင်းနဲ့အတူ ၁၀ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်လာခဲ့ပါတယ်။

တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ၂၀၁၇ ခုနှစ်အတွင်းက အီတလီစီးရီးအေကလပ် ရိုးမားအသင်းကနေ ပြောင်းရွှေ့ကြေးပေါင် ၃၄ သန်းနဲ့ လီဗာပူးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ လီဗာပူးအသင်းနဲ့အတူ ပွဲစဉ်စုစုပေါင်း ၂၁၅ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုးစုစုပေါင်း ၁၄၀ အထိ သွင်းယူပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ မန်ယူအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၉)အပြီးမှာ ရမှတ် စုစုပေါင်း ၂၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး မန်ယူအသင်းကတော့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယား အဆင့် ၇ နေရာသို့ ဆင်းပေး ခဲ့ရပြီ ဖြစ်ပါတယ်။

ငွေကြယ်