မန်ယူ၊ အာဆင်နယ်နှင့် လီဗာပူး အသင်းတို့ နိုင်ပွဲကိုယ်စီရယူ

mdn

၁၀ ဖေဖော်ဝါရီ

ပရီမီယာလိဂ် ပွဲစဉ် (၂၆)ပွဲများကို စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး အသင်းကြီးတွေဖြစ်သည့် မန်ယူ၊ အာဆင်နယ်နှင့် လီဗာပူး အသင်းတို့ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ကြသည်။ 

အစောပိုင်းပွဲစဉ်တစ်ပွဲဖြစ်သည့် ဖူလ်ဟမ်အသင်းနှင့် မန်ယူအသင်းတို့၏ ပွဲစဉ်တွင် မန်ယူအသင်းက အဝေးကွင်းမှာ သုံးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ မန်ယူအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၄ မိနစ်နှင့် ၆၅ မိနစ်တွင် ပေါ့ဘာ၊ ၂၃ မိနစ်တွင် မာစီယဲလ် တို့က သွင်းယူခဲ့ကြသည်။ မန်ယူအသင်းသည် ယခုပွဲစဉ်အနိုင်ကြောင့် အမှတ်ပေးဇယား အဆင့် (၄)နေရာကို တက်လှမ်းလာနိုင်ခဲ့သည်။

ဟတ်ဒါဖီးလ်အသင်းနှင့် အာဆင်နယ်အသင်းတို့၏ ပွဲစဉ်တွင် အာဆင်နယ်အသင်းက တစ်ဂိုး နှစ်ဂိုးဖြင့်  အနိုင်ရရှိခဲ့သည်။ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် ဖိအားပေးတွေရှိနေသည့် အာဆင်နယ်အသင်းမှာ ဟတ်ဒါဖီးလ်၏ အဝေးကွင်းမှ အကောင်းဆုံးပုံစံကောင်းပြသနိုင်ခဲ့ပြီး နိုင်ပွဲရယူနိုင်ခဲ့သည်။

 အာဆင်နယ်အသင်း အတွက် သွင်းဂိုးများကို ပွဲချိန် ၁၆ မိနစ်တွင် အီဝိုဘီ နှင့်  ၄၄ မိနစ်တွင် လာကာဇက် တို့က သွင်းယူခဲ့ကြသည်။ ဒုတိယပိုင်း မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုတွင် အာဆင်နယ်ကစားသမား ကိုလာရှီနက် မှ ကိုယ့်ဂိုးကိုယ်ပြန်လည်ပြန်သွင်းမိခဲ့သဖြင့် ဟတ်ဒါဖီးလ် ချေပဂိုး တစ်ဂိုး ပြန်လည်ရရှိခဲ့သည်။ 

အခြားပွဲစဉ်အဖြစ် လီဗာပူးအသင်းနှင့် ဘုန်းမောက်အသင်းတို့၏ ပွဲစဉ်တွင် လီဗာပူးအသင်းက အိမ်ကွင်းမှာ ဘုန်းမောက်အသင်းကို သုံးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ယူပြီး ပရီမီယာလိဂ်အဆင့် (၁)နေရာကို ပြန်လည် ရယူနိုင်ခဲ့သည်။ 

လီဗာပူးအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၂၄ မိနစ်တွင် မာနေး၊ ပွဲချိန် ၃၄ မိနစ်တွင် ဝိုင်နယ်လ်ဒမ်းနှင့်  ဒုတိယပိုင်းပွဲအစ ၄၈ မိနစ်တွင် ဆာလာ တို့က သွင်းယူခဲ့ကြသည်။ 

ပရီမီယာလိဂ် ပွဲစဉ် (၂၆) ရလဒ်များ

ဖူလ်ဟမ် ဝ - ၃ မန်ယူ
ခရစ္စတယ်ပဲလေ့စ် ၁ - ၁ ဝက်စ်ဟမ်း
ဟတ်ဒါဖီးလ် ၁ - ၂ အာဆင်နယ်
လီဗာပူးလ်    ၃ - ဝ ဘုန်းမောက်
ဆောက်သမ်တန် ၁ - ၂ ကာဒစ်ဖ်
ဝက်ဖို့ဒ် ၁ - ဝ အဲဗာတန်

MDN