မန္တလေးတွင်ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲနှင့် ရောင်းချပွဲတွင် WeChat ဖြင့်ရောင်းချမှု ပိတ်ပင်ထား

မန္တလေး ၁၈ အောက်တိုဘာ

 

မန္တလေးမြို့တွင် ပထမဆုံးအကြိမ် ကျင်းပမည့် ကျောက်စိမ်း အရိုင်းထည်၊ အချောထည် နှင့် ကျောက်မျက်ရတနာရောင်းချပွဲတွင် WeChat ဖြင့် ရောင်းချခြင်း၊ အသုံးပြုခြင်းကို  ပိတ်ပင်ထားကြောင်း ပွဲကျင်းပရေး ကော်မတီ ထံကသိရသည် ။

 

1

 

အဆိုပါ ပြပွဲနှင့်ရောင်းချပွဲကို မန္တလေးမြို့ သိပ္ပံလမ်းရှိ  ကွန်ဗင်ရှင်းစင်တာ တွင် အောက်တိုဘာလ ၂၃ ရက် မှ ၂၉ရက် အထိ ကျင်းပမည်ဖြစ်ပြီး ယင်းကျောက်များကို မြန်မာငွေကျပ်ဖြင့်သာ ရောင်းချသွားမည်ဖြစ်သည် ။

 

" We Chat ကို တရားဝင် ပိတ်ပင်ထားတယ်။ ကျောက်စိမ်း အရိုင်း၊ အချောနဲ့ ပတ်သက်ပြီး We Chat နဲ့ ဘာမှ လုပ်ခွင့်ပေးမထားဘူး။ ရောင်းချခွင့်လည်းပိတ်ပင်ထားတယ် ။ အဲ့တာနဲ့ ရောင်းဝယ်တာတွေ့ရင်တော့ ပြပွဲဝင်ခွင့်ကို ပိတ်ပင်သွားမှာပါ ။ဟုယင်းကော်မတီမှ ဥက္ကဌဖြစ်သူ ဦးကျော်ဇောအောင်ကပြောသည် ။

 

ကျောက်မျက်ရောင်းချပွဲတွင် ကျောက်စိမ်း အရိုင်းထည် အတွဲ ၂၆၈၉ တွဲ  ၊ စားပွဲတင် အချောထည် ကျောက်စိမ်းအတွဲ ၂၀ဝ  တွဲ နှင့် ကျောက်မျက်ရတနာအရောင်းဆိုင် ၄၉ ဆိုင်  ပါဝင်ပြသရောင်းချသွားမည် ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီ က သိရသည်။

 

1

 

ပြီးခဲ့သည့် စက်တင်ဘာလ က ကျင်းပခဲ့သည့် နေပြည်တော် ကျောက်မျက်ရတနာ ပြပွဲ သို့ လာရောက်သော တရုတ်နိုင်ငံသား အချို့သည် WeChat အသုံးပြု၍ ကျောက်စိမ်း အရိုင်းတုံးများ ကြည့်ရှုနေသည့် ပုံများ Facebook လူမှုကွန်ရက်စာမျက်နှာ တွင် ထွက်ပေါ်လာခဲ့ပြီး ယင်း post (တင်ထားသော စာစု) အောက်ရှိ comment (မှတ်ချက် စာသားများ) တွင် ကျောက်သမားအများစု က ဝေဖန် ပြစ်တင် ရှုံ့ချခဲ့သည်။

 

မန္တလေး ကျောက်ဝိုင်းအတွင်း ၌ တရုတ်နိုင်ငံသား အချို့ သည် WeChat ဆော့ဖ်ဝဲ ကို အသုံးပြု၍ ကျောက်စိမ်းဝယ်ယူခြင်းသည် ပြည်တွင်း ကျောက်စိမ်းဈေးကွက်ကို ပျက်စီးစေသည် ဟု ကျောက်စိမ်း လုပ်ငန်း လုပ်ကိုင်သူအချို့ က သုံးသပ်ကြသည်။

 

၂၀၁၆ ခုနှစ် နှစ်ဦး က စတင်၍ WeChat ဖြင့် အရောင်းအဝယ်ပြုလုပ်ခြင်း သည် မန္တလေးကျောက်ဝိုင်း သို့ ရောက်ရှိလာခဲ့ပြီး လက်ရှိကာလတွင် WeChat ကို အသုံးပြု၍ ကျောက်စိမ်း ဝယ်ယူသူ တရုတ်နိုင်ငံသားအများစုသည် ကျောက်စိမ်းလက်ကောက်ဈေးကွက်၌ ပိုမိုများပြားကြောင်း တွေ့ရှိရသည်။

 

သူရိန်လင်း