မန္တလေးတွင် Mask စနစ်တကျ မတပ်သူ ၉ ဦးကို စတင်အရေးယူ

မန္တလေး ၁၀ မေ

 

မန္တလေးတိုင်းအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် နေအိမ်ပြင်ပသို့ သွားလာပါက Mask စနစ်တကျ လုံခြုံစွာတပ်ဆင်ရေး ကြေညာချက်ထုတ်ပြန်ပြီးနောက် မလိုက်နာသူ ၉ ဦးကို မေ ၉ ရက်က အရေးယူခဲ့ကြောင်း သိရသည်။

 

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် နေအိမ်ပြင်ပသို့ သွားလာပါက Mask စနစ်တကျ လုံခြုံစွာတပ်ဆင်ရေးကြေညာချက်ကို မေ ၈ ရက်က ထုတ်ပြန်ခဲ့သည်။

 

“နှာခေါင်းစည်း Mask တွေ တပ်ဆင်ဖို့ ဗီနိုင်းကိုင်ပြီး လှည့်လည်တာ အသံချဲ့စက်နဲ့ ကြေညာတာတွေ လုပ်နေပြီး အရေးယူတာလည်း တစ်ပါတည်း လုပ်နေတယ်”ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီ၀င် ဦးကျော်ဆန်းမြင့်က ပြောသည်။

 

Mask စနစ်တကျတပ်ဆင်ရန် မေ ၉ ရက်မှ ၁၅ ရက်နေ့ထိ ပညာပေးကာလသတ်မှတ်ထားပြီး လိုက်နာခြင်း မရှိသူသည် Mask တစ်ခုလျှင် ၁၀၀၀ ကျပ်ဖြင့် ၂ ခု၀ယ်ယူရမည်ဖြစ်သည်။ မေ ၁၅ ရက်နောက်ပိုင်းတွင် လိုက်နာခြင်းမရှိသူကိုငွေ ကျပ် ၅၀၀၀ ဖြင့် Mask ၂ ခု ၀ယ်ယူရမည်ဖြစ်ကြောင်း သိရသည်။

 

မေ ၉ ရက်က အရေးယူခဲ့ရာ၌ မြနန္ဒာစျေးတွင် Mask မတပ်ဆင်သူ ၅ ဦး၊ ရန်အောင်စျေးတွင် ၄ ဦး စုစုပေါင်း ၉ ဦးဖြစ်ပြီး ၎င်းတို့အား ကြေညာချက်ပါအတိုင်း တစ်ဦးလျှင် Mask တစ်ခုလျှင် ၁၀၀၀ ကျပ်ဖြင့် ၂ ခုစီ ၀ယ်ယူစေပြီး အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စျေးများတွင် စျေးရောင်းသူ စျေး၀ယ်သူများသည် Mask စနစ်တကျတပ်ဆင်ရန်နှင့် အချို့မှာ ဦးခေါင်းနှင့် မေးတို့တွင် ချိတ်ဆွဲထားသော စျေးသည်များအား ပထမအကြိမ် ၀န်ခံကတိလက်မှတ်ရေးထိုးစေးခဲ့ပြီး နောက်တစ်ကြိမ်တွင် စျေးဆိုင်ခန်းပိတ်သိမ်းမည်ဟု သိရသည်။

 

မေသက်ထား