မန္တလေး ၁၆  စက်တင်ဘာ 


မန္တလေးမြို့ မြို့မိမြို့ဖများက မန္တလေးတက္ကသိုလ်တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသားကျောင်းသူများအနက် ဘာသာရပ်အလိုက် အထူးချွန်ဆုံး ကျောင်းသားကျောင်းသူတို့အား ပညာရည်ချွန် (ရွှေတံဆိပ်) ဆုချီးမြှင့်ပွဲကို ၂၀၁၇ ခုနှစ်မှစ၍ နှစ်စဉ် ပေးအပ်ချီးမြှင့်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တတိယအကြိမ်ပညာရည်ချွန်(ရွှေတံဆိပ်) ဆု ပေးအပ်ချီးမြှင့်ပွဲကို စက်တင်ဘာ ၁၄ ရက် နံနက် ၈ နာရီက မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။


ဆက်လက်၍ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းက ကျေးဇူးတင်စကား ပြောကြားပြီး မြို့မိ မြို့ဖအလှူရှင်များကိုယ်စား အလှူရှင်ဦးမောင်ကို(ထာဝရကုမ္ပဏီ)က ဆုချီးမြှင့်လှူဒါန်းရခြင်း အကြောင်းအရင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့မိမြို့ဖများ၏ မန္တလေးတက္ကသိုလ် ပညာရည်ချွန်ရွှေတံဆိပ်ဆု ချီးမြှင့်ရေး ကော်မတီမှ ဦးစိုးလွင်က ဘဏ္ဍာရေးဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် မြို့မိမြို့ဖအလှူရှင်များက ပညာရည်ချွန်ရွှေတံဆိပ်ဆုရှင် ၂၁ ဦးကို အခေါက်ရွှေတစ်ကျပ်သား ဆွဲပြားများပေးအပ်ချီးမြှင့်ခဲ့ကြပြီး နောက်ပညာရည်ချွန်ရွှေတံဆိပ်ဆုရ ကျောင်းသူကျောင်းသားများကိုယ်စား ကျောင်းသူတစ်ဦးကကျေးဇူးတင်စကားပြောကြားသည်။


ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က မန္တလေးမြို့မိမြို့ဖ အလှူရှင်တို့အား ဂုဏ်ပြုလွှာများ ပေးအပ်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းဝင်များသည် ပညာရည်ချွန် ရွှေတံဆိပ်ဆုရှင် ကျောင်းသူကျောင်းသားများ မြို့မိမြို့ဖ အလှူရှင်တို့နှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။


မန္တလေးမြို့မှ အလှူရှင် မြို့မိမြို့ဖများသည် ပညာရည်ချွန် ရွှေတံဆိပ်ဆုရရှိသူများအတွက် ရွှေဈေးတက်နေသော်လည်း ပညာရည်ချွန် (ရွှေတံဆိပ်)ဆုကို တစ်ကျပ်သားထပ် မလျော့စေဘဲ ချီးမြှင့်ပေးခဲ့ပြီး ယနေ့အထိ အလှူရှင်(၂၂)ဦး ရှိသွားပြီဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ပညာရည်ချွန်(ရွှေတံဆိပ်)ဆုကို နှစ်စဉ် ပေးအပ်ချီးမြှင့်နိုင်ရန် အတွက် အလှူရှင်များက တစ်ဦးလျှင် ကျပ် သိန်း(၁၀ဝ)ထည့်ဝင်၍ နှစ်စဉ်ရရှိသည့် အတိုးဖြင့် မန္တလေးတက္ကသိုလ်တွင် ပညာသင်ကြားလျက်ရှိကြသော ကျောင်းသားကျောင်းသူများအနက် ဘာသာရပ်အလိုက် အထူးချွန်ဆုံး ကျောင်းသား ကျောင်းသူများအား ပညာရည်ချွန် (ရွှေတံဆိပ်)ဆု ပေးအပ်ချီးမြှင့်လျက်ရှိကြောင်း သိရသည်။


တင်မောင်(မန်းကိုယ်ပွား)