မန္တလေးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကာယအလှမယ်ပြိုင်ပွဲကျင်းပ

မန္တလေး ၂၇ သြဂုတ် 


မန္တလေးတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကာယအလှမယ် အကြီးတန်း/အငယ်တန်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းခန်းမ၌ ကျင်းပရာ ဖိတ်ကြားထားသည့် မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ အကဲဖြတ်ဒိုင်များ၊ ကျောင်းသားကျောင်းသူများနှင့် ပြိုင်ပွဲဝင် ကာယအလှမယ်များ တက်ရောက်ကြသည်။


အခမ်းအနားတွင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။ ပြိုင်ပွဲမစတင်မီနှင့် ပြိုင်ပွဲရပ်နားစဉ်အတွင်း Mandalay University Youth Band အဖွဲ့နှင့် ကျောင်းသူကျောင်းသားများက အဆိုအကများဖြင့် ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။


ပြိုင်ပွဲအပြီး၌ ကာယအလှမယ်(အကြီးတန်း) ပြိုင်ပွဲတွင် မနှင်းဝတ်ရည်(ကွန်ပျူတာသိပ္ပံ)က ပထမ၊ မမြတ်သဒ္ဓါဖြူ (နိုင်ငံတကာဆက်ဆံရေးပညာ)က ဒုတိယ၊ မမေသံစဉ်ဇော်(စိတ်ပညာ)က တတိယရရှိပြီး ကာယအလှမယ် (အငယ်တန်း) ပြိုင်ပွဲတွင် မသီရိထိုက်စံ(မြန်မာစာ)က ပထမ၊ မနိုနိုစိမ့်(မြန်မာစာ)က ဒုတိယ၊ မခင်ပိုးဥထွန်း (ရူပဗေဒ)က တတိယဆု အသီးသီးရရှိကြရာ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဆုအသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။


အောင်စံမောင်