မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဥပဒေမူကြမ်းအား လွှတ်တော်သို့ တင်သွင်း

မန္တလေး ၂ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီးခရီးသွားလုပ်ငန်း ဥပဒေမူကြမ်းရေးဆွဲကာ နိုဝင်ဘာလ ၂၉ ရက်နေ့က မန္တလေးတိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောသည်။

 

ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား (၂) စီးပွားရေးကဏ္ဍတွင် ပါရှိသော ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဥပဒေမူကြမ်းကို လွှတ်တော်သို့ ဥက္ကဋ္ဌမှတစ်ဆင့် တင်သွင်းခြင်းဖြစ်သည်။

 

"ဥပဒေမူကြမ်းမှာ အခွန်အခနဲ့ ပတ်သက်တာတွေကို တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေထဲသွင်းနိုင်ဖို့ လုပ်ထားတယ်။ ဒါတစ်ချက်ပေါ့။ နောက်တစ်ချက်က တည်းခိုရိပ်သာတွေ ဘာတွေကို ဒေသဆိုင်ရာ ကော်မတီအရ ခွင့်ပြုပေးနိုင်မယ်။ လိုင်စင်လည်း ပြန်ရုတ်သိမ်းနိုင်တယ်။ သက်တမ်းတိုးတာတွေ လုပ်ပေးနိုင်မယ်။ တိုင်းဒေသကြီး၊ပြည်နယ်တွေလုပ်ပိုင်ခွင့်ရပြီး ဗဟိုလည်း တာဝန်တွေ လျော့သွားမယ်။"ဟု ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောသည်။

 

ခရီးသွား လုပ်ငန်းနှင့်ပတ်သက်၍ ညွှန်ကြားချက်များဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဥပဒေပြဌာန်းပြီးပါက တိုင်းဒေသကြီးအဆင့်မှာပင် ဆောင်ရွက်ဆုံးဖြတ်နိုင်မည်ဖြစ်ကာ ပိုမိုလုပ်ပိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

"ပေးထားချက်တွေရှိတယ်။ ဗဟိုကော်မတီရှိတယ်။ လုပ်ငန်းကော်မတီရှိတယ်။ ဒေသဆိုင်ရာ ကော်မတီရှိတယ်။ အဲ့ဒီတော့ ဒေသဆိုင်ရာကော်မတီဆိုတာကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအတွက် လုပ်ပိုင်ခွင့်ပေါ့နော်။ အဲ့ဒီဟာကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်တွေ ပိုရလာအောင်ဆိုပြီး အဲ့ဒီ ဥပဒေကိုရေးလိုက်တာ။"ဟု ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က ပြောသည်။

 

တင်သွင်းခဲ့သည့် မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဥပဒေမူကြမ်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သူရိန်လင်း