မန္တလေးတိုင်းအတွင်း သရက်သီးထွက်နှုန်း ၂၀ ရာခိုင်နှုန်းခန့်လျော့ကျလာ

မန္တလေး ၁၅ မေ

 

ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် မန္တလေးတိုင်းမှာ သရက်သီးနှုန်းများ လျော့ကျလာကြောင်း မန္တလေးတိုင်းဒေသကြီး သရက်သီးအစုအဖွဲ့ဥက္ကဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

 

ကမ္ဘာကြီးပူနွေးလာမှုကြောင့်  လွန်ခဲ့သည့် သုံးနှစ်ခန့်ကစပြီး သရက်သီးထွက်နှုန်းများ ၂၀ ရာခိုင်နှုန်းခန့်လျော့ကျလာကြောင်း သိရသည်။

 

‘ဘယ်လောက်ပဲလုပ်လုပ် ရာသီဥတုက တအားကြီးပူနွေးလာတဲ့အခါကျတော့ အပွင့်တွေ ကြွေကျသွားတယ်။ အဲတော့ ထွက်နှုန်းတွေက အရမ်းကိုလျော့ကျသွားတာပါ’ဟု မန္တလေးတိုင်းဒေသကြီး သရက်သီးအစုအဖွဲ့ဥက္ကဌ ဒေါ်သန်းသန်းဆွေ  က ပြောသည်။

 

သရက်သီးရာသီချိန်တွင် သရက်သီးတန်ချိန် ၉ သောင်းခန့်ထွက်ရှိပြီး ၂၀ ရာခိုင်နှုန်းခန့် လျော့ကျလာခြင်းဖြစ်ကြောင်းသိရသည်။

 

မြန်မာ့သရက်ကို ပြည်ပတင်ပို့မှုမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၁၉ ခုနှစ် ဧပြီလအထိ တန်ချိန် ၅၁၀ဝ ကျော် တင်ပို့ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရသိရသည်။ ၂၀၁၈ ခုနှစ်တွင် သရက်တန်ချိန် ၃၂၀ဝ၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။

 

မြန်မာ့သရက်ထွက်နှုန်းများ တိုးတက်လာရန်အတွက် သစ်ပင်များစိုက်ပျိုး ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ပုံမှန်စိုက်ပျိုးနည်းတွေအစား နိုင်ငံတကာမှ စိုက်ပျိုးနည်းစနစ်တွေဖြင့် စိုက်ပျိုးရန်လိုအပ်ကြောင်း ဒေါ်သန်းသန်းဆွေက အကြံပြုပြောကြားသည်။ ယခုအခါ စိုက်ပျိုးရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးသရက်အစုအဖွဲ့တို့ ပူးပေါင်းပြီး စိုက်ပျိုးနည်းစနစ်များ သင်တန်းပို့ချနေကြောင်း သိရသည်။

 

သရက်သီးကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးပြီး တရုတ်၊ စင်္ကာပူ၊ အိန္ဒိယ၊ ဟောင်ကောင်၊ ရုရှား စသည့်နိုင်ငံများသို့ တင်ပို့နေကြောင်းသိရသည်။

 


အိမို့မို့ခိုင်