မြဝတီ ဇူလိုင် ၂၀
ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်စီဂျင် အပါအဝင် ကိုဗစ်အထောက်ကူပြုဆေးနှင့် ပစ္စည်းများတင်သွင်းမှုကို မြဝတီနယ်စပ်မှတစ်ဆင့် တင်သွင်းခွင့်ပြုပေးလျက်ရှိရာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်မည့် အောက်ဆီဂျင် အရည် ၁၆ ဒဿမ ၀၂ တန် သယ်ဆောင်လာသော မော်တော် ယာဉ်သည် ယမန်နေ့ ဇူလိုင် ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီက မြဝတီကုန်သွယ်ရေးဇုန်မှ ထွက်ခွါသွားသည်။
ထိုသို့ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးတွင် အဓိကလိုအပ်လျက်ရှိသည့် အောက်ဆီဂျင် အရည် တင်သွင်းလာမှုကို ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်မှ ပြည်သူများလက်ဝယ် အမြန် ရောက်ရှိစေရေးအတွက် အချိန်ကြန့်ကြာမှုမရှိ လွယ်ကူလျင်မြန်စေရေး ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် လတ်တလော ကိုဗစ်-၁၉ ကုသရေးတွင် လိုအပ်လျက်ရှိသည့် Oxygen Concentrator များတင်သွင်းမှုအ တွက် FDA ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်သည့်အပြင် အကောက်ခွန် သုံးရာခိုင်နှုန်းအတွက်လည်း လက်ငင်းပေးဆောင်ရန်မလိုဘဲ ကြိုတင်ထုတ်ယူနိုင်ရန် ဖြေလျှော့ခွင့်ပြုပေးထားကြောင်းလည်း မြဝတီကုန်သွယ်ရေး ဇုန်မှ သိရသည်။
နယ်စပ်စခန်းများမှတစ်ဆင့် ပြည်တွင်းသို့ ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ Oxygen(အရည်) လီတာ ၄၉ သန်း၊ အိမ်သုံး Oxygen Concentrator (၆၅၀၅)ခု၊ Mask (၂၉၀)တန် တင်သွင်းနိုင်ခဲ့ကြောင်းလည်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။
ထိန်လင်းအောင်