မန္တလေးမြို့တွင် ဒုတိယအကြိမ်မြောက် သရက်သီး ဈေးရောင်းပွဲတော် ကျင်းပမည်

မန္တလေး ၂၆ ဧပြီ

 

မန္တလေးမြို့တွင် ဒုတိယအကြိမ်မြောက် သရက်သီး ဈေးရောင်းပွဲတော်ကို လာမည့်မေလအတွင်း သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့သရက် ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေး အသင်းထံမှ သိရသည်။

 

ဒုတိယအကြိမ်မြောက် သရက်သီးဈေးရောင်းပွဲတော်ကို မန္တလေးမြို့ ကုသိုလ်တော်ဘုရားတွင် လာမည့် မေ ၁၆ ရက်မှ ၁၈ ရက်ထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင် သရက်သီး အရောင်းဆိုင်များအပြင် သရက်သီးတန်ဖိုးမြှင့် ထုတ်ကုန်ဆိုင်ခန်းများလည်း ပိုမိုပါဝင်ပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

"ဈေးရောင်းပွဲတော်မှာ မနှစ်ကလို ထူးထူးခြားခြား အစီအစဉ်တွေလဲ ပါဝင်မယ်။ ဘာတွေပါဝင်မလဲ ဆိုတာတော့ အစည်းအဝေး ဆုံးဖြတ်ချက် မချရသေးဘူး။ ဒီနှစ် ပွဲတော်နောက်ဆုံးရက်က ကဆုန်လပြည့်နေ့နဲ့လဲ တိုက်ဆိုင်တယ်။ ပြသရောင်းချမယ့် ဆိုင်ခန်းတွေလဲ ပိုမိုပါဝင်ပါမယ်" ဟု အဆိုပါအသင်း အတွင်းရေးမှူး ကိုကျော်စိုးနိုင်က ပြောသည်။

 

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ပထမအကြိမ် သရက်သီးဈေးရောင်း ပွဲတော်နောက်ဆုံးရက်၌ ထူးခြား အစီအစဉ်ပျော်ပွဲ အနေဖြင့် စိန်တလုံး သရက်သီး တစ်လုံးလျှင် မြန်မာကျပ် ငွေတစ်ဆယ်တန်ဖြင့် ရောင်းချပေးခဲ့ပြီး ရရှိသည့် ရောင်းရငွေများကို ကုသိုလ်တော်ဘုရားသို့ ပြန်လည်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ယခု ဒုတိယအကြိမ် သရက်သီး ဈေးရောင်းပွဲတော်တွင် မန္တလေးတိုင်းဒေသကြီးရှိ သရက်ခြံများမှ ထွက်ရှိသော စိန်တလုံးသရက်၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု သရက်သီးမျိုးများနှင့် တန်ဖိုးမြှင့်သရက်သီး ထုတ်ကုန်များကို ရောင်းချပေးမည် ဖြစ်ပြီး ပထမအကြိမ်ဈေးရောင်း ပွဲတော်တွင် ဆိုင်ခန်းပေါင်း ၃၀ ကျော် ပါဝင်ပြသ ရောင်းချခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

 

သူရိန်လင်း