မန္တလေးမြို့တွင် စတုတ္ထအကြိမ် ဧရာဝတီစာပေပွဲတော်ကျင်းပ

မန္တလေး ၃ နိုဝင်ဘာ

စတုတ္ထအကြိမ် ဧရာဝတီစာပေပွဲတော်ကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ Mandalay Hill Resort ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။

စတုတ္ထအကြိမ် ဧရာဝတီစာပေပွဲတော်သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ စာပေညာရှင်များ၊ ဖိတ်ကြားသူများနှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင်   မိမိအနေဖြင့် ပထမအကြိမ် ဧရာဝတီစာပေပွဲတော်ကို ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်ဝင်းအတွင်း ကျင်းပစဉ်က တက်ကြွစွာ ပါဝင်ခဲ့ပါကြောင်း၊ ယခုအကြိမ်နှင့်ဆိုလျှင် မိမိအနေဖြင့် (၃) ကြိမ်မြောက် တက်ရောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဧရာဝတီ စာပေပွဲတော်နှင့် ပတ်သက်လျှင် မှတ်မှတ်သားသားပြောချင်တာ နှစ်ခုရှိပါကြောင်း၊ တစ်ခုက ဧရာဝတီစာပေပွဲတော်သည် စာရေးဆရာ၊ ကဗျာဆရာ စသည့်စာပေနှင့် ပတ်သက်သူ အများအပြားတက်ရောက်ပြီး စာပေဆိုင်ရာ အစီအစဉ်မျိုးစုံကို တစ်ပြိုင်နက်ကျင်းပသည့် စာပေပွဲတော်ဆိုသည့် ဓလေ့၊ အစဉ်အလာတစ်ရပ်ကို မြန်မာနိုင်ငံတွင် အစပြုခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပါကြောင်း ပြောကြားသည်။

ဧရာဝတီစာပေပွဲတော်တွင် နိုင်ငံတကာစာရေးဆရာများနဲ့ မြန်မာစာရေးဆရာများ ပူးတွဲပါဝင်ခြင်းဖြစ်ပါတယ်။ ဒီပွဲနဲ့အတူ မြန်မာနဲ့ နိုင်ငံတကာစာပေသမားများ ထိတွေ့ဆက်ဆံနိုင်ဖို့ အခွင့်အလမ်းတစ်ရပ် ပြန်လည်အစပြု ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ဧရာဝတီစာပေပွဲတော်သည် ယခုစတုတ္ထအကြိမ်ရှိပြီဖြစ်ပြီး ရှေ့နှစ်များမှာလည်း ဆက်လက်တည်ရှိနေအုံးမှာဖြစ်တဲ့အတွက် စာပေနယ်မှာ မြန်မာနဲ့ နိုင်ငံတကာတို့ ထိတွေ့မှုသည်လည်း ဆက်လက်ရှင်သန်သွားလိမ့်မယ်လို့ မြင်ရပါတယ်ဟု ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယဉ်ကျေးမှုအမွေအနှစ်များ ရှေးဟောင်းမြို့တည်ရှိရာ မန္တလေးမြို့တွင် ဧရာဝတီစာပေပွဲတော်တွင် လူငယ်မျိုးဆက်သစ်များ၏ စိတ်ဝင်စားမှုအပြည့်ရှိသည်ကို တွေ့ရသဖြင့်  မြန်မာစာပေ မတိမ်ကောတော့ဘူးဟု ယုံကြည်ပါကြောင်း၊ ထိုသို့မတိမ်ကောအောင် အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သလို စာပေမြှင့်တင်ရေး လုပ်ငန်းတွေကို မြန်မာစာဖတ်ပရိသတ်များ၊ စာချစ်သူများ၊ စာပေပညာရှင်များက မိမိတို့အစိုးရနှင့်အတူ ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြပါစို့”ဟု ပြောကြားသည်။

ထို့နောက် စာရေးဆရာ ဒေါက်တာအောင်မြင့်က ပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှ အင်္ဂလိပ်ဘာသာဖြင့်  ပေးပို့သည့်  သဝဏ်လွှာကို ဆရာဦးနေအုပ်က ဖတ်ကြားသည်။ 

ဧရာဝတီစာပေပွဲတော် ကျင်းပရေးအတွက် အင်္ဂလန်နိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် ဧရာဝတီစာပေပွဲတော် Charitable Trust အဖွဲ့မှ တာဝန်ယူဆောင်ရွက်ပြီး မြန်မာနိုင်ငံဘက်မှ လိုအပ်သည်များကို ဦးနေအုပ်၊ ဒေါက်တာခင်မောင်ညိုနှင့် ဒေါက်တာအောင်မြင့်တို့က ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)