မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ(၂၀၂၀) ဇန်နဝါရီ ၄ ရက်တွင် ကျင်းပမည်

မန္တလေး ၁၇ ဒီဇင်ဘာ

 

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ(၂၀၂၀)ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၆ နာရီခွဲတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အလွတ်တန်း(ကျား၊မ)၊ လူသစ်တန်း (ကျား၊မ) ပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။

 

အဆိုပါ ပြိုင်ပွဲကို ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှေ့မှ နံနက် ၆ နာရီခွဲတွင် စတင်တာလွှတ်မည်ဖြစ်ကာ ၂၆ လမ်းမှ လမ်း(၈၀)အထိ၊ ၎င်းမှ လမ်း(၈၀) အတိုင်း ၁၂ လမ်းအထိ၊ ၎င်းမှ ၁၂ လမ်းအတိုင်း ၇၃ လမ်းအထိ၊ ၇၃ လမ်းမှ မြောက်ဘက် မန္တလေး တောင်ပတ်လမ်း၊ ၁၀ လမ်းမှ အရှေ့သို့ ၆၂ လမ်းအထိ၊ ၎င်းမှ ၆၂ လမ်းအတိုင်း ငုရွှေဝါလမ်း အထိ၊ ငုရွှေဝါလမ်းမှ ၆၈ လမ်းအထိ၊ ၆၈ လမ်းအတိုင်း မန္တလာသီရိအားကစားကွင်းအထိ (၁၃)မိုင် ပြေးလမ်းသတ်မှတ်ကာ မန္တလာသီရိ အရှေ့ဘက်ပေါက်မှ ပန်းဝင်စေမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီမှ ထုတ်ပြန်ထားသည်။

 

မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ(၂၀၂၀) အလွတ်တန်း(ကျား၊မ) ပြိုင်ပွဲတွင် ပထမဆု ကျပ်သိန်း ၆၀၊ ဒုတိယဆု ကျပ်သိန်း ၄၀၊ တတိယဆု ကျပ်သိန်း ၃၀ နှင့် ကျန်ဆုများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည်ဖြစ်ပြီး လူသစ်တန်း(ကျား၊မ) ပြိုင်ပွဲတွင်လည်း ပထမဆု ကျပ်သိန်း ၆၀၊ ဒုတိယဆု ကျပ်သိန်း ၄၀၊ တတိယဆု ကျပ်သိန်း ၃၀ နှင့် ကျန်ဆုများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမည် ဖြစ်သည်။

 

ပြိုင်ပွဲဝင် လျှောက်လွှာများကို ဒီဇင်ဘာ ၁၅ ရက်မှ ၃၁ ရက်အထိ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၆ နာရီခွဲထိ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများ၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာန (မနော်ရမ္မံဥယျာဉ်)၊ အားကစားနှင့် ကာယပညာဦးစီးဌာန (ဗထူးကွင်း)နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးရှေ့တို့တွင် ပြိုင်ပွဲဝင်လျှောက်လွှာ တစ်စောင်လျှင် ၃၀ဝ ကျပ်ဖြင့် ဝယ်ယူနိုင်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

နိုင်ငံခြားသားများနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်လိုပါက အလွတ်တန်းပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းနှင့် ၂၀၁၀ ပြည့်နှစ်နှင့်နောက်ပိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် မီတာ ၁၀ဝ၀ဝ အပြေးပြိုင်ပွဲ၊ ၂၀၁၃ ခုနှစ်မှစ၍ မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ၊ ရန်ကုန်မြို့တော်ဝန် မီနီမာရသွန် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့သူများသည် အလွတ်တန်းပြိုင်ပွဲတွင်သာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ ကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)