မန္တလေးမြို့၌ လမ်းလျှောက်သင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

မန္တလေး    ဧပြီ    ၉

 

၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးမြို့ရှိ ပြည်သူများ ပိုမိုပျော်ရွှင်စွာ  ဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်ထည့်သွင်း ၍  စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ 

 

သင်္ကြန်အကြိုနေ့ဖြစ်သည့်    ဧပြီ ၁၃ ရက်မှစတင်၍  မန္တလေးမြို့  ချမ်းမြ သာစည်မြို့နယ်ရှိ မင်္ဂလာ မန္တလေးမြန်မာ့ ရိုးရာ လမ်းလျှောက်အတာသင်္ကြန်နှင့်  ကျုံးတောင်ဘက်ခြမ်းရှိ (၂၆ လမ်း၊၆၆ လမ်းမှ ၇၈ လမ်းအထိ) လမ်းလျှောက်သင်္ကြန်တို့၌ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာမဏ္ဍပ်များ၊  ရေကစား မဏ္ဍပ်များနှင့် အခြား အပန်းဖြေအနားယူနိုင်မည့်  အစီအစဉ်ကောင်းများလည်း ပါဝင်မည် ဖြစ်သည်။ 

 

မြန်မာ့နှစ်သစ်ကူးအခါ  သင်္ကြန်တွင်     မြန်မာ့ရိုးရာယဉ်ကျေးမှု မပျောက်ပျက်စေရန် ရည်ရွယ်၍  ၇၃ လမ်းမကြီးပေါ်တွင်  မင်္ဂလာ မန္တလေးလမ်းလျှောက်သင်္ကြန်ကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး လမ်းလျှောက်သင်္ကြန် အတွင်း၌ အဓိကမဏ္ဍပ်ကြီးနှင့်  ဇုန်ခြောက်ခု ထည့်သွင်းတည်ဆောက်ထား ကြောင်း Mandalay Management Corporation Co., Ltd မှ  Deputy Managing Director ဦးစိုးနိုင်ဦး ကပြောသည်။

 

“လမ်းလျှောက်သင်္ကြန်အတွင်း မှာ  ဇုန်ခြောက်ခု  ဖွဲ့စည်းထားပါ တယ်။  Star Light  Street  ဇုန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ် နဲ့ မြန်မာ့ရိုးရာလက်မှုပညာရပ် တွေပါဝင်တဲ့  Art Street Zone ၊ နိုင်ငံ၏    သယံဇာတဖြစ်သည့် ကျွန်းသစ်တွေပါဝင်တဲ့  Wood Street Zone ၊  အမြဲတမ်းစိမ်းလန်း စိုပြည်ပြီး ရေလိုအေးချမ်းစေချင်  တဲ့   ရည်ရွယ်ချက်တွေပါဝင်တဲ့ Water Street Zone၊ လာရောက် လည်ပတ်သူတွေသွားလာလို့ရတဲ့ Floating Street Zone နဲ့ Flower Street Zone စသဖြင့် ဇုန်လေးတွေခွဲပြီး   ဖော်ဆောင်ထားပါတယ်။ ဒီဇုန်လေးတွေမှာလည်း   မြန်မာ့ရိုးရာကို    ထိန်းသိမ်းတဲ့ အနေနဲ့ အလှဆင်ဖန်တီးမှုလေးတွေလည်း ပြုလုပ်ထားပါတယ်။  နောက်ပြီး လမ်းလျှောက်သင်္ကြန် လာရောက် လည်ပတ်သူတွေကို ဆင်လေးတွေက ရေပက်ဖျန်းပေးတဲ့  အစီအစဉ်ကိုလည်း  ထူးထူးခြားခြားအနေနဲ့  ထည့်သွင်းထားပါတယ်။ လာရောက်လည်ပတ်သူများ စိတ်အေးချမ်းသာစွာ  ပျော်ပါးနိုင်ရန်အတွက်လည်း  လုံခြုံရေးအင်အား အပြည့်အဝနဲ့  ဆောင်ရွက်ပေးထားပါတယ်။   မင်္ဂလာ မန္တလေးရဲ့ လမ်းလျှောက်သင်္ကြန်ကို  တိုင်းရင်သားညီအစ်ကိုမောင်နှမ အားလုံးပျော်ပျော်ပါးပါးနဲ့ လာရောက်ရေကစားနိုင်ပါတယ်” ဟု ပြောသည်။ 

မင်္ဂလာမန္တလေးလမ်းလျှောက် သင်္ကြန်တွင်  စတုဒိသာအစီအစဉ် အနေဖြင့် အလွယ်တကူစားသုံး၍ ရမည့်    မုန့်များ၊    အအေးများ ကျွေးမွေးသွားမည်ဖြစ်ကြောင်း၊ ဖျော်ဖြေရေးများအနေဖြင့် နေ့စဉ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီ တစ်ကြိမ်နှင့်   မွန်းလွဲ ၃ နာရီမှ ၆ နာရီအထိ  တစ်ကြိမ်စီစဉ်ထားပြီး    နိုင်ငံကျော်အဆိုတော်များနှင့်  အနုပညာရှင်များစွာကိုလည်း ဖိတ်ကြားထားကြောင်း New  Starlight   Group of  Companies  မှ   Business    Development Director ဒေါ်ဇင်မာထွန်းက ပြောသည်။ 

 

အလားတူ  ကျုံးတောင်ဘက် ခြမ်းရှိ(၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈ လမ်းအထိ) လမ်းလျှောက်သင်္ကြန် ပွဲတော်၌   မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်   ဗဟိုမဏ္ဍပ်အပါ အဝင် မဏ္ဍပ်ကြီး ခြောက်ခုရှိပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု    အငွေ့ အသက်များပါဝင်သည့်  အပြင် အဆင်များဖြင့် အလှဆင်သွားမည့် အပြင် နိုင်ငံကျော်အဆိုတော်များ၊ အနုပညာရှင်များပါဝင်သည့် ဖျော်ဖြေရေးအစီအစဉ်များဖြင့်လည်း  စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ထို့ပြင် ကျုံးပတ်လည်တွင် မန္တလေးမြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အပါအဝင် မဏ္ဍပ် ၁၁ ခုနှင့် မြို့တွင်းတွင်    ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ငါးခု ၊  စတုဒိသာ မဏ္ဍပ်အနေဖြင့်    ကျုံးပတ်လည် တွင်   ၁၆ ခု  တည်ဆောက်ထားကြောင်း၊   ကျုံးမြောက်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းများတွင် လည်း ရေစုပ်စက်ဖြင့် ရေကစားနိုင်ရန်     စီစဉ်ဆောင်ရွက်ထားကြောင်း၊  မန္တလေးဈေးချိုတော် နာရီစင် အနီးတွင်လည်း မန္တလေးမြို့ဂုဏ်ဆောင် မြို့မတူရိယာ အသင်းနှင့်တွဲဖက်၍ ဈေးချိုသူ ရေကစား မဏ္ဍပ်ကိုလည်း  ထည့်သွင်းထားကြောင်း သိရသည်။ 

မောင်အေးချမ်း