မန္တလေးဈေးကွက်တွင် မတ်ပဲအရောင်းအဝယ် ပြန်ကောင်း

မန္တလေး ၂၂ မတ်

 

ယခုတစ်ပတ် မန္တလေးပဲဈေးကွက်မှာ တရုတ်နှင့် အိန္ဒိယက ပဲဝယ်ယူမှုများကြောင့် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာပြီး လက်ရှိ အိန္ဒိယဈေးကွက်တင်ပို့မှုမှာ အိန္ဒိယက မတ်ပဲဝယ်ယူမှုကို Quota (ကိုယ်တာ) တန် ၄ သိန်း ထပ်မံတိုးမြှင့်ဝယ်ယူတာကြောင့် မန္တလေးဈေးကွက်မှာ မတ်ပဲဈေးကောင်းမွန်လာကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

 

"အိန္ဒိယလိုင်းအနေနဲ့ ပဲစိမ်းငုံနဲ့ မတ်ပဲရှိတယ်၊ မတ်ပဲကတော့ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကိုတာတန်ချိန် လေးသိန်းထပ်တိုးတယ်၊ ၂၀၁၉-၂၀၂၀ မှာတုန်းက မန္တလေးဈေးကွက်မှာတော့ မတ်ပဲက ကိုးသောင်းကျပ် အလုပ်ဖြစ်သွားတယ်ပေါ့၊ ပဲစင်းငုံကတော့ ကိုတာတိုးသံ မကြားသေးဘူး၊ ရန်ကုန်အော်ဒါတော့ အလုပ်ဖြစ်နေတယ်၊ ပဲစင်းငုံတစ်အိတ်ကို ခြောက်သောင်းငါးထောင်ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်" ဟု ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)မှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။

 

မတ် ၂၀ ရက်က မတ်ပဲ ၃ တင်းဝင် ၁ အိတ်လျှင် ကျပ် ၉၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပဲစင်းငုံကို အိန္ဒိယက Quota မဝယ်ယူသေးသော်လည်း လတ်တလော ရန်ကုန်ဘက်က ပဲစင်းငုံ ၃ တင်းဝင် ၁ အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် ဝယ်ယူမှုများရှိနေကြောင်း၊ ပဲစင်းငုံကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ လက်တလောတွင် ပဲစင်းငုံကို ရန်ကုန်သို့ အများဆုံး တင်ပို့နေရကြောင်း သိရသည်။

 

“အိန္ဒိယဘက်က ပဲစင်းငုံ ကိုတာမရသေးတော့ ပို့လို့မရသေးဘူး၊ မတ်ပဲကတော့ ကိုတာရတော့ တောက်လျှောက် ဝယ်သယ်နေတယ်၊ အဓိက မတ်ပဲက ငွေဈေးအခြေနေပေါ်ရယ် FOV အရောင်းအဝယ်ပေါ်ရယ် မူတည်ပြီးတော့ အလုပ်ဖြစ်နေပါတယ်။ အဓိကက အခုဟာက ငွေဈေးရယ် FOV Demand ရယ် အဲဒါအပြင် ဒီဗိုင်းရပ်ကိစ္စက ပိုပြီးတော့ အရေးကြီးနေတာပေါ့။ တရုတ်အနေနဲ့က ကျန်းမာရေးကောင်း လာတယ်ဆိုတော့ တရုတ်ဘက်သွားတဲ့ ကုန်တွေအနေနဲ့က စိတ်ချရတဲ့ အနေအထားမှာ ရှိတယ်၊ အိန္ဒိဘက်က ဗိုင်းရပ်ပျံ့နှံ့တာ ပိုများလာရင် သူတို့ဘက်က လော့ဒေါင်းလုပ်တာတွေ ရှိလာလို့ရှိရင်တော့ အန္တရာယ်ရှိတာပေါ့၊ အဲဒီတစ်ချက်က ပိုပြီးတွက်နေရတာပေါ့" ဟု ဆက်လက်ပြောသည်။

 

ပြည်တွင်းပဲဈေးကွက် အနေဖြင့် ကုလားပဲအုပ်စု အရောင်းဝယ်အေးကာ ထိုင်ဝမ်ကုလားပဲ ၃ တင်းဝင် ၁ အိတ်လျှင် ၆၅၀၀၀ ကျပ်မှ ၆၆၀၀၀ ကျပ်၊ B2 ကုလားပဲတစ်အိတ်လျှင် ၆၉၅၀၀ ကျပ်မှ ၇၀၀၀၀ ကျပ်၊ 929 ကုလားပဲတစ်အိတ်လျှင် ၇၁၀၀၀ ကျပ်မှ ၇၁၅၀၀ ကျပ်၊ B7 ကုလားပဲ တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်၊ ပဲကြီး ထိပ်စဈေး ၈၅၀၀၀ ကျပ်၊ ပဲကြီးအသေးစ တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ် ဝန်းကျင်ရှိကြောင်း သိရသည်။

 

မန္တလေးပဲဈေးကွက်၌ ကုလားပဲအုပ်စုကို အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့ဘက်မှ Order မဝယ်ယူသေးခြင်းကြောင့် ကုလားပဲအမျိုးအစားအစုံ အရောင်းအဝယ်အေးကာ ဈေးကျနေကြောင်း၊  ကျန် ပြည်တွင်းသုံးပဲမျိုးစုံများမှာ ပုံမှန်အတိုင်းသာ အရောင်းအဝယ်ရှိကြောင်း သိရသည်။   

 

တင်ဇာလှိုင်(ပြန်/ဆက်)