မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် COVID – 19 ရောဂါဖြစ်ပွားသူများကို လက်ခံကုသပေးလျက်ရှိ

မန္တလေး ဇူလိုင် ၁၆

 

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် COVID – 19 ရောဂါ ဖြစ်ပွားနေသူများကို လက်ခံကုသပေးလျက်ရှိကြောင်း မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးထံမှ သိရသည်။

 

" မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှာ ကိုဗစ်ရောဂါသည်တွေကို လက်ခံပြီးတော့ ကုသနေပါတယ်။ ကိုဗစ်ရောဂါနဲ့ ကုသတဲ့နေရာမှာ ဆေးရုံမှာ အဓိကအားဖြင့် Categories C လို့ခေါ်တဲ့ အဆိုးဆုံး အပြင်းထန်ဆုံးအဆင့် အနီးကပ်ပြုစုရမယ်။ အသက်ကယ်တဲ့ လုပ်ငန်းတွေ လုပ်ရမယ်။ နောက် အောက်စီဂျင် အဆက်မပြတ်ပေးဖို့လိုတဲ့ လူနာတွေကို လက်ခံပြီး ကုသပေးနေပါတယ်။ ဆေးရုံကြီးကို ကိုဗစ်လူနာကို ဝင်တဲ့လမ်းကြောင်းက ၂ ခုရှိပါတယ်။ ဆေးရုံလာပြီး ပြတဲ့အခါမှာ ဆရာဝန်တွေက စိစစ်ပြီး ဒါကသံသယလူနာဖြစ်တယ်လို့ သတ်မှတ်လိုက်တယ်။ အဲဒီမှာ ရောဂါဗေဒ ဆရာဝန်ကြီးတွေနဲ့ စစ်ဆေးတဲ့အချိန် ကိုဗစ်ပိုးတွေ့ရင် ကိုဗစ်ကုသဆောင်ကိုပို့တယ်။ ကိုဗစ်ပိုး မတွေ့ရင် ပုံမှန်ကုသဆောင်ကို ပို့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီလူနာကတော့ အိမ်မှာ ဘယ်လိုမှ မနေနိုင်လောက်အောင် ခံစားရတယ်။ အသက်ရှူကျပ်တယ်။ မောတဲ့လူနာဖြစ်တဲ့အတွက် ဆေးရုံကတော့ တင်ကိုတင်မှာ ဖြစ်တဲ့အတွက်ကြောင့် ပိုးတွေ့ရင် ပိုးတွေ့ကုသဆောင် ပိုးမတွေ့ရင်တော့ ပုံမှန်ကုသဆောင်မှာ ထားပြီးတော့ ကုသပေးရတာ ဖြစ်ပါတယ်။ " ဟု မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ သက်အောင်က ပြောသည်။

 

မန္တလေးဆေးရုံကြီးတွင် အသက်ရှူကြပ်သော လူနာများကို COVID – 19 ရောဂါပိုး ရှိ၊မရှိ စစ်ဆေးပေးလျက်ရှိရာ တစ်နေ့လျှင် ပျမ်းမျှ ၂၀ မှ ၃၀  ဝန်းကျင် စစ်ဆေးပေးနေရပြီး လက်ရှိ အနေအထား အရ အသက်ရှူကျပ်သော လူနာ ၁၀ဦး စစ်ဆေးလျှင် ပိုးတွေ့သူ ၇ဦးရှိကြောင်း၊ COVID – 19 ရောဂါကြောင့် သေဆုံးသူ အများစုမှာ အသက်အရွယ်ကြီးရင့်သူများ ဖြစ်ပြီး ရောဂါခံရှိသူများသာ ဖြစ်ကြောင်း သိရသည်။

 

" မန္တလေးဆေးရုံကြီးမှာ လက်ရှိ ဝန်ထမ်းအင်အားအရရော အခြေနေအရကြောင့် အနံ့ပျောက်လို့ပါဆိုပြီး လမ်းလျှောက်ဝင်လာနိုင်တဲ့ သူတွေကို ကိုဗစ်ရောဂါပိုး ရှိမရှိ စစ်ဆေး‌ပေးတာမျိုး မလုပ်ပေး နိုင်သေးပါဘူး။ ဘယ်လိုလူနာမျိုးကို အဓိကထား စစ်လဲ လက်ခံပြီး ကုသပေးလဲဆိုရင် Categories C လို့ ခေါ်တဲ့ အသက်လုရမယ့် လူနာတွေကို လက်ခံပြီး မဖြစ်မနေ ဆေးရုံတက်ရမယ့် လူနာတွေထဲကမှ ကိုဗစ်လူနာကို ခွဲထုတ်တာဖြစ်တဲ့အတွက် အဲဒီအမျိုးစားကိုပဲ ကုသတာဖြစ်ပါတယ်။ အဲတော့ ဒီ Public ထဲကနေ အနံ့ပျောက်တယ်။ စိတ်ထဲမှာ သံသယရှိတယ်။ ကိုဗစ်ဖြစ်တဲ့သူနဲ့ ဆက်သွယ်မှုရှိတယ်ဆိုရင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဖွင့်ထားတဲ့ နဒီမြန်မာမှာ ဖွင့်ထားတဲ့ Test and Care Centre ရှိပါတယ်။ အဲဒီကိုသွားပြီး စစ်ဆေးမှု ခံယူကြရမှာ ဖြစ်ပါတယ်။ ဆရာတို့ကတော့ ဆေးရုံကို တင်ကုရမယ့် လူနာကိုပဲ စစ်တာဖြစ်တဲ့အတွက် အရေအတွက်ရယ်တော့ မဟုတ်ပါဘူး။ လိုအပ်တဲ့ လူနာမှန်သမျှကို စစ်ဆေးပြီး ခွဲခြားပြီးတော့မှ ပိုးမရှိရင် သာမန်ကုသဆောင် ပိုးရှိရင် ကိုဗစ်ကုသဆောင်ကို လွှဲတဲ့စနစ်နဲ့ စစ်ဆေးတာဖြစ်ပါတယ်။ " ဟု မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးက ဆက်ပြောသည်။

 

မန္တလေးတိုင်ဒေသကြီးအတွင်း COVID – 19 ရောဂါ ရှိ၊ မရှိကို ကန်တော်နဒီ ဆေးရုံ၊ နဒီမြန်မာဟိုတယ်ရှိ Test and Care Centre နှင့် ပုဂ္ဂလိက ဆေးရုံများထဲတွင် စွမ်းဆောင်နိုင်ရည်အရ တရားဝင်လိုင်စင် ချပေးထားသော မြို့တော်ဆေးရုံ စသည့်နေရာများတွင် စစ်ဆေးနိုင်ပြီး သက်ဆိုင်ရာမြို့နယ်များရှိ ဆေးရုံများနှင့် ချိတ်ဆက်၍ COVID – 19 ရောဂါ ပိုး ရှိ၊ မရှိ စစ်ဆေးကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

 

ထိပ်ထားနိုင်