မန္တလေး ရတနာမောလ် ကျောက်မျက်ရတနာဈေးတွင် SMART ART GALLERY ပန်းချီအရောင်းပြခန်း ဖွင့်လှစ်မည်

မန္တလေး    ၁၇  မတ်

 

မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်တွင်း ပြည်ပ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစေရန် ရည်ရွယ်၍ မန္တလေးရတနာမောလ် ကျောက်မျက်ရတနာဈေးတွင် မန္တလေးမြို့ ပန်းချီပညာရှင်ကြီးများမှ SMART ART GALLERY ပြခန်းကို မတ် ၂၄ ရက်မှစ၍ ပူးပေါင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြခန်းကို မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏  ကြီးကြပ်မှုနှင့်အတူ မြန်မာနိုင်ငံ အမှတ်တရပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း၏ ဦးဆောင်မှုဖြင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပန်း ၁၀ မျိုး လက်မှုပညာရပ်များဖြင့် ခရီးသွားများအား ဆွဲဆောင်နိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး မတ် ၂၄ ရက်မှ စတင်ဖွင့်လှစ်ကာ နေ့စဉ် နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုထံက မတ် ၁၇ ရက်နေ့က ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

 

ထို့ပြင် မန္တလေးမြို့ခံ ပန်းချီဆရာကြီး ဦးဇော်ဝင်း(သစ်ထွင်း)ကလည်း “ကျွန်တော်တို့ တတ်မြောက်ထားတဲ့ ပန်းချီပညာရပ်နဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တစ်လမ်းက ပူးပေါင်းကူညီဆောင်ရွက်ရင်း ကျွန်တော်တို့ ပန်းချီဆရာတွေလည်း အထိုက်အလျောက် အဆင်ပြေစေပါတယ်။ နောက်ပိုင်းမှာ ဒီထက်ပိုမို ကောင်းမွန်တဲ့ လက်ရာတွေနဲ့ ပြသနိုင်အောင် ကြိုးစားသွားပါမယ်”ဟု ပြောသည်။

 

အဆိုပါ SMART ART GALLERY ပြခန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်များအား ပန်းချီကားများကို ကံစမ်းမဲဖောက်၍ ပေးသွားမည့်အပြင် ပုံတူခဲပန်းချီ ရေးဆွဲပေးခြင်းနှင့် လက်တွေ့သရုပ်ပြ ရေဆေးပန်းချီ ရေးဆွဲပေးခြင်း အစီအစဉ်များလည်း ထည့်သွင်းထားပြီး ပန်းချီကားများကို ဝယ်ယူစုဆောင်း သိမ်းဆည်းလိုပါက အရွယ်အစားအလိုက် ပန်းချီကား တစ်ကားလျှင် ကျပ်တစ်သိန်းမှ တစ်သိန်းခွဲနှုန်းဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


အောင်ဖြိုးကျော်

 

ိိ