မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မုဒုံမြို့နယ်ရှိ သက်မွေးပညာသင်တန်းကျောင်း ဆောက်လုပ်မည့် မြေနေရာရှင်းလင်းမှုအား ကြည့်ရှုစစ်ဆေး

မုဒုံ၊ ၂၀ ဇန်နဝါရီ     

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သက်မွေးပညာသင်တန်းကျောင်း ဆောက်လုပ်မည့်မြေနေရာအား ဇန်နဝါရီ  ၁၉  ရက် ညနေပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများတို့က မြေနေရာရှင်းလင်းနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ သင်တန်းကျောင်းကို မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်၊ ဂျုံးဂျုံးကျတောရကျောင်းလမ်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  စိုက်ပျိုးရေးဦးစီးဌာန  မြန်မာ့နှစ်ရှည်ပင် လုပ်ငန်းပိုင်မြေနေရာ ဧက(၃၀)တွင်     စုန်ရေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနှင့် ရာမညမေတ္တာဆောက်လုပ် ရေးကုမ္ပဏီတို့ ပူးပေါင်း၍ တာဝန်ယူဆောက်လုပ်မည့် စက်မှုသင်တန်းကျောင်းအတွက် မြေနေရာ ရှင်းလင်းနေမှုအခြေအနေတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့တို့က  ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ယူ ဆောက်လုပ်မည့် ကုမ္ပဏီတာဝန်ရှိသူများက မြေနေရာတိုင်းတာ ရှင်းလင်းပြီးစီးမှုအခြေအနေများနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတို့ကို မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦးနှင့်   သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့ကြောင်း  သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)