မော်လမြိုင် ဇွန် ၃
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Sunshine Hotel၌ ကျင်းပသည်။
ဦးစွာ မွန်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမက လုပ်ငန်းရှင်များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ဖွဲ့စည်းတည်ထောင်ပြီး ပြည်တွင်းအခွန်များဦးစီးဌာန၌ လိုက်နာဆောင်ရွက်ရမည့် အခွန်ဆိုင်ရာကိစ္စရပ်များကို သိရှိနားလည်ထားမှသာ မိမိတို့ကုမ္ပဏီ၏ အခွန်ဆိုင်ရာတာဝန်နှင့် အခွင့်အရေးများကို သိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးဂျွန်စိန်ဂီက ပြည်တွင်း အခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသော အခွန်အကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး ကုမ္ပဏီတည်ထောင်ပြီး လိုက်နာဆောင်ရွက်ရမည့် အခွန်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ အခွန်ပညာပေးရှင်းလင်းပွဲသို့ မွန်ပြည်နည် အခွန် ကောက်ခံမှုအထောက်အကူအပြု အဖွဲ့ဝင်များနှင့် လုပ်ငန်းရှင်များ စုစုပေါင်း ၂၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


