မြန်မာ့တိုင်းရင်းဆေးအဖြစ်နဲ့ သုံးစွဲလာသည့် မြန်မာ့သနပ်ခါးကို တန်ဖိုးထား စိုက်ပျိုးသူများလာ

မင်းဘူး ၆ ဩဂုတ်

 

မင်းဘူး(စကု)မြို့နယ် မန်းရေနံကွင်းအနီးတွင် မြန်မာ့ရိုးရာ သနပ်ခါးကို ကနဦး စမ်းသပ်ခါ ၂ ဧကစိုက်ပျိုးထားသော်လည်း စွယ်စုံရ မြန်မာ့တိုင်းရင်းဆေးအဖြစ်နဲ့ ကမ္ဘာသိ သုံးစွဲလာသည့်အပြင် မြန်မာတို့အတွက် လက်ဆောင်ကောင်းတစ်ခုအဖြစ်၊ ကမ္ဘာအထိ ထိုးထွင်းသိမြင်လာသည့်အတွက် ဂုဏ်ယူတန်ဖိုးထားရင်း ရှေးအကျိုးကိုမျှော်ကာ ၁၈ ဧကတိုးချဲ့၍ သနပ်ခါး ဧက ၂၀ အထိ စိုက်ပျိုးထားကြောင်း မင်းဘူးမြို့ မန်းရေနံကွင်းအနီး သနပ်ခါးစိုက်တောင်သူ ဦးသန်းအောင်ထံမှ သိရသည်။

 

သနပ်ခါးရဲ့ဂုဏ်အင်္ဂါ

 

သနပ်ခါးဆိုတာ မြန်မာတို့ရဲ့ ရိုးရာအမွေအနှစ်တစ်ခု ဖြစ်ပါသည်။ သနပ်ခါးရဲ့ ဂုဏ်အင်္ဂါတွေကို ပြောရမယ်ဆိုရင် သနပ်ခါးအနံ့သည် မွေးပြီး စိတ်ကို ကြည်လင်လန်းဆန်းစေသည်။ နေရောင်ဒဏ်ကို ကာကွယ်ပေးသည့်အပြင် အသားအရေကို လှပပြီး အေးမြစေသည်။ မြန်မာမိန်းကလေးများဟာ ရေချိုးပြီးတိုင်း သနပ်ခါးကို နှစ်နှစ်ခြိုက်ခြိုက်၊ ခုံခုံမင်မင် လိမ်းခြယ်တတ်ကြသလို ဘုရားသွား ကျောင်းတက် အလှူမင်္ဂလာ ပွဲလမ်းသဘင်ရှိလျှင်လည်း သနပ်ခါးကို လိမ်းခြယ်သွားကြသည်။

 

ဆေးဖက်ဝင်ပုံ

 

သနပ်ခါးကို အပူကြောင့်ဖြစ်သော ဝေဒနာ၊ အအေးကြောင့်ဖြစ်သော ဝေဒနာ နှစ်မျိုးစလုံးအတွက် သွေးပြီးလိမ်းကြံခြင်းဖြင့် ကိုယ်တွင်းရှိ အခိုးများထွက်ခါ ရောဂါပျောက်ကင်းသွားသည်။ အပူဒဏ်ကို ကာကွယ်ပေးသောကြောင့် နေပူထဲ အလုပ်လုပ်သူများ သနပ်ခါး လိမ်းထားခြင်းဖြင့် အပူဒဏ် သက်သာစေသည်။ ခေါင်းကိုက် ခေါင်းအုံ ဇက်ကြောတက် နှာခေါင်းပိတ်တာတွေအတွက် သနပ်ခါးသွေးပြီး ရှူပေးခြင်းဖြင့် သက်သာစေသည်။ အမျိုးသမီးများ မီးယပ်ရောဂါအတွက် နနွင်းနှင့်သွေးပြီး လိမ်းပေးရသည်။ အမျိုးသမီးရောဂါကြောင့် ကိုယ်အမြဲပူနေရင် သနပ်ခါး ကံ့ကော်ဝတ်ဆံနဲ့ ရောသွေးပြီး သကြားအနည်းငယ်ထည့် တိုက်ကျွေးနိုင်သည်။ အမျိုးသားတွေ ဆီးကြောင့်ဖြစ်တတ်တဲ့ ခေါင်းအုံ၊ ခေါင်းကိုက်၊ သွားကိုက်၊ မျက်စိဝေခြင်းတို့ကို သနပ်ခါးမြစ် အခေါက်သွေးပြီး သောက်ပေးရသည်။

 

သနပ်ခါးကိုတိုးချဲ့စိုက်ပျိုး

 

မြန်မာ့ရိုးရာ သနပ်ခါးကို အလှအပရေးရာအတွက် လိမ်းကြံခြယ်သရုံသာ အသုံးပြုခြင်းမျိုး မဟုတ်ဘဲ စွယ်စုံသုံး ကုန်အဖြစ်နဲ့တစ်မျိုး မြန်မာ့တိုင်းရင်းဆေးဝါး အဖြစ်နဲ့တစ်ဖုံ ဝယ်ယူသုံးစွဲလာကြသည့်အတွက် မြန်မာ့သနပ်ခါးကို တိုးချဲ့စိုက်ပျိုးလာကြပြီး အရာတော်မြို့တွင် ဧကတစ်သိန်းကျော် စိုက်ပျိုးထားကာ မြန်မာတစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းခန့် စိုက်ပျိုးထားကြောင်း သိရသည်။ အခြား အများအပြား စိုက်ပျိုးထားသော မြို့များမှာ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ရွှေဘို၊ ဘုတလင်၊ ယင်းမာပင်၊ မုံရွာ၊ မြင်းမူ၊ ပေါက်မြို့များတွင် တိုးချဲ့စိုက်ပျိုးထားကြောင်း သိရသည်။ ထို့ကြောင့် မြန်မာသနပ်ခါးသည် မြန်မာတို့အတွက် လက်ဆောင်အဖြစ်လည်းကောင်း၊ မြန်မာ့ပြယုဂ်တစ်ခု အဖြစ်နဲ့လည်းကောင်း တည်ရှိပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ရပ်တည်နိုင်အောင် ပူးပေါင်းဆောင်ရွက်ကြပါစို့ ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။

 

ဇေယျာထက် (မင်းဘူး)