မြန်မာ့ထွက်ကုန် ပဲဇီးကွက်များ ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားကြောင့် အရောင်းအဝယ်များ သွက်လက်ကောင်းမွန်လျက်ရှိ

မန္တလေး ဇူလိုင် ၁၆

 

ယခုရက်ပိုင်းအတွင်း ပြည်ပတရုတ်နိုင်ငံနှင့် ပြည်တွင်းမှ ဝယ်လိုအားကောင်းမွန်လာမှုကြောင့် မြန်မာ့ထွက်ကုန်သီးနှံ ပဲဇီးကွက်များ မန္တလေးပဲဈေးကွက်အတွင်း အရောင်းအဝယ်များ သွက်လက်ကောင်းမွန်လျက်ရှိနေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

အဆိုပါ ပဲဇီးကွက်များသည် နယ်စုံဒေသမှ မန္တလေးဈေးကွက်အတွင်းသို့ ဝင်ရောက်လာကာ ဈေးကောင်းများရရှိနေကြကြောင်း၊ ပြီးခဲ့သည့်နှစ် ကာလတူအချိန်က ပဲဇီးကွက် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀၀ ကျော်ဈေးနှုန်းဖြင့် အဖွင့်ဈေးစခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၏ ဝယ်လိုအားနှင့် ပြည်တွင်းစားသုံးမှု များပြားလာခြင်းကြောင့် ပဲဇီးကွက် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၅၀၀၀၀ ဈေးနှုန်းအထိ မြင့်တက်ကာ အရောင်းအဝယ်မှာလည်း သွက်လက်မြန်ဆန်နေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံ ပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။

 

“ပဲဇီးကွက်က တရုတ်ဈေးကွက်ကို လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစပြီး စမ်းသပ်တင်ပို့ရောင်းချခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဈေးကွက်ခိုင်မာနေပါပြီ။ ဒီပဲရဲ့ပုံစံကိုက ဇီးကွက်ပုံသဏ္ဌာန်ရှိပြီး စွန်တာပြာ ပဲအမျိုးအစားရဲ့ မျိုးစိတ်တစ်ခုဖြစ်တယ်။ စိုက်ပျိုးရာမှာလည်း  လွယ်ကူပြီး မြေနုကျွန်းတွေမှာ ပိုပြီးဖြစ်ထွန်းတယ်။ ရေစကြိုဒေသက တောင်သူတွေက ဒီပဲကို ဇီးကွက်နဲ့တူပြီး ရောင်းပန်းလှတဲ့အတွက် လာဘ်ကောင်ပဲလို့တောင် တင်စားခေါ်ဆိုကြတယ်။ တရုတ်ပြည်ဈေးကွက်က ရသလောက်ဝယ်ယူနေပါတယ်။ ပို့ကုန်အမယ်သစ်အနေနဲ့ တွင်ကျယ်စွာပို့လို့ရပါတယ်။ ဒီနှစ်အဖို့တော့ တောင်သူနဲ့ ကုန်သည်တွေ ဒီပဲရဲ့လက်ရှိပေါက်ဈေးကြောင့် အကျိုးဖြစ်ထွန်းကြမှာပါ။ ပြည်ပဈေးကွက်က အဆင်သင့်စောင့်ကြိုနေတဲ့ ဒီပဲကို တိုးချဲ့ စိုက်ပျိုးကြဖို့ အကြံပြုချင်ပါတယ်” ဟု ၎င်းကပြောသည်။

 

ပဲဇီးကွက်သီးနှံမှာ ပြည်တွင်း/ပြည်ပ တင်ပို့ရောင်းချရသည့် ပဲအမျိုးအစားဖြစ်ပြီး ဆောင်းသီးနှံအဖြစ် ဧရာဝတီ၊ ဒုဌဝတီမြစ်နှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများဖြစ်သော ပခုက္ကူ၊ ရေစကြို၊ မုံရွာ၊ မြင်းခြံ၊ ညောင်ဦး၊ ကျောက်ဆည်၊ ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကူးနှင့် ဆင်ဖြူကျွန်းမြို့နယ်များတွင် အဓိကစိုက်ပျိုးကာ မတ်လဆန်း၌ စတင်ထွက်ရှိကြောင်း၊ တစ်ဧကလျှင် အထွက်နှုန်းအနေဖြင့် ၃၅ တင်း ထွက်ရှိ ကြောင်း သိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)