မောင်မောင်လင်း

 

(ယမန်နေ့မှအဆက်)

 

(၅)     ကုန်းဘောင်ခေတ်  ဆင်ဖြူရှင် (ခေါ် ) မြေဒူးမင်းလက်ထက် တရုတ်စစ်လေးကြိမ်နဲ့ ရင်ဆိုင်ရပြီး   နောက်ဆုံးအချီမှာ စစ်ပြေငြိမ်းရေးအတွက် ဝန်ကြီးမဟာသီဟသူရက တာဝန်ယူပြီး ကောင်းတုံစာချုပ်နဲ့ စေ့စပ်ခဲ့ပါတယ်။ အနှစ်တစ်ထောင် သမိုင်းတစ်လျှောက် မြန်မာအတွက် အကြီးဆုံးရန်ဟာ တရုတ်ကျူးကျော်မှုဖြစ်လို့ တရုတ်နဲ့ သံဖလှယ်နိုင်ဖို့က အရေးကြီးတဲ့ အခန်းကရှိပြီး တရုတ်ပြည် မင်မင်းဆက် မြို့တော်နန်ကျင်းမှာလည်း မြန်မာအမတ်ခြောက်ဦးနဲ့ မြန်မာစာသင်တဲ့ကျောင်းတွေကို (၁၅) ရာစုကတည်းက ဖွင့် ခဲ့တဲ့ မှတ်တမ်းရှိပါတယ်။

 

(၆) ကုန်းဘောင်ခေတ်၊ မြဝတီမင်းကြီး ဦးစဟာ ဘကြီးတော်မင်း လက်ထက် ပထမအင်္ဂလိပ် - မြန်မာ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုစဉ် သံတမန်ရေးရာ အခက်အခဲအကျပ်အတည်းကိုဖြေရှင်းပေးနိုင်ခဲ့သလို နောက်ရောက်လာတဲ့ အနောက်တိုင်း သံတမန်မှန်သမျှကိုလည်း သူနဲ့သာလက်ခံတွေ့ဆုံရပါတယ်။

 

(၇) ဘိုးတော်မင်းတရားလက်ထက်၊ အမတ်ကြီးဦးပေါ်ဦးဟာ သံတမန်ရေးရာ ကိစ္စတွေမှာ တာဝန်ယူရပြီး ဓားပြတိုက်ခံရတဲ့ တရုတ်ကုန်သည်အရေးအတွက် တရုတ်သံတမန်တွေ အရေးဆိုမှုအပေါ် အပြန်အလှန်မူအရ တန်ပြန်အရေးဆိုခြင်းမျိုးနဲ့ ဖြေရှင်းနိုင်ခဲ့ဖူးပါတယ်။

 

(၈) ၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ် - မြန်မာ စစ်ပွဲအပြီး အသိမ်းပိုက်ခံရတဲ့ ပဲခူး (ခေါ် ) အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ်နဲ့ ပဲခူးဒေသတွေ ပြန်ရဖို့အတွက် မင်းတုန်းမင်းက မကွေးမင်းကြီးကို ကာလကတ္တားလွှတ်ပြီး စေ့စပ်ခိုင်းပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၁၈၇၂ ခုနှစ်မှာတော့ ကင်းဝန်မင်းကြီးအဖွဲ့ရဲ့ ပြင်သစ်နဲ့ ဗြိတိန်ခရီးစဉ်ပေါ်ထွက်လာသလို အဲဒီခရီးစဉ်အဆက် ဦးခြိမ့်ရဲ့ အီတလီ၊ စပိန်နဲ့ ပေါ်တူဂီ ခရီးစဉ်တွေလည်း ရှိခဲ့ပါတယ်။ ဒီခရီးစဉ်တွေအတွင်း မြင်တွေ့ခဲ့တဲ့ နေရာဌာနလုပ်ငန်းဆောင်တာ လူမှုဘဝတွေကို ပြန်လည် ရေးဖွဲ့တဲ့ မှတ်တမ်းတွေဟာလည်း ပြည်ပတိုင်းခြာမပြောနဲ့ ဗြိတိသျှလက်အောက်က ရန်ကုန်ကိုတောင် မရောက်ဖူးကြတဲ့ မြန်မာအများစုအတွက် မျက်စိဖွင့်ပေးသလို ဖြစ်ခဲ့ပါတယ်။ ယောအတွင်းဝန် ဦးဖိုးလှိုင်ဟာ နေပြည်တော်ရှိ အနောက် ဥရောပ သံတမန်တွေ၊ ခရစ်ယာန်သာသနာပြုတွေနဲ့ မိတ်ဖွဲ့ပြီး အကြံကောင်း ဉာဏ်ကောင်းတွေကို သံတမန်နည်းကျကျ ရယူနိုင်ခဲ့ပါတယ်။

 

(၉) ၁၈၈၅ ခုနှစ် သီပေါမင်းလက်ထက်မှာတော့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်အတွက် ၄၂ နှစ်အရွယ် သံချက်ဝန်ထောက်ဦးမြူကို အမြဲတမ်းသံအမတ်အဖြစ် စေလွှတ်ခန့်ထားခဲ့ပါတယ်။ ပြင်သစ်မှာ အင်ဂျင်နီယာ ပညာသင်ခဲ့တဲ့ ဦးမြူဟာ ပါတော်မူချိန်မှာ မြန်မာထီးနန်း မဆုံးရှုံးစေရေးအတွက် ဥရောပနိုင်ငံအစိုးရတွေရဲ့ သံအမတ်တွေနဲ့ ချိတ်ဆက်ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ဘဲ ပြင်သစ်မှာ သောင်တင်နေတဲ့ မြန်မာစစ်ပညာသင်တွေကို စုစည်းပြီး မြန်မာပြည်ပြန်ခေါ်သွားခဲ့ရတယ်လို့ မှတ်သားဖူးပါတယ်။ မြန်မာမင်းဆက် မပြတ်ခင်မှာ ပြင်သစ်၊ ဂျာမနီနိုင်ငံတွေနဲ့ မဟာမိတ်စာချုပ်တွေလည်း ချုပ်ဆိုခဲ့ပြီး ဂျာမန် - မြန်မာစာချုပ်ကတော့ လွတ်လပ်ရေးရပြီးတဲ့အထိ ဆက်လက်တည်မြဲခဲ့ပါတယ်။

 

စစ်အတွင်းနှင့်လွတ်လပ်ရေးခေတ် သံကြီးတမန်ကြီးများ

 

အဲဒီနောက် အနှစ် ၅ဝ ကျော် ဗြိတိသျှလက်အောက်မှာ မြန်မာသံတမန်တွေ ဆိတ်သုဉ်းခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် ဂျပန်ခေတ် လွတ်လပ်ရေးရပြီးနောက်မှာတော့ ထိုင်း၊ ဂျပန်၊ မန်ချူးကိုး (ခေါ်) မန်ချူးရီးယားနဲ့ ဂျပန်လက်အောက်ခံ ဝမ်ချိန်ဝေးရဲ့ တရုတ်ရုပ်သေး အစိုးရတွေနဲ့ မြန်မာနိုင်ငံက သံတမန်ဆက်သွယ် စေလွှတ်ဖို့ ကြိုးစားပါတယ်။ ဦးနုကို နိုင်ငံခြားရေးဝန်ကြီး၊ သခင်ဗဟိန်းကို ဒုတိယအတွင်းဝန်ခန့်ပြီး ပါတော်မူပြီးနောက် ပထမဆုံး မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပါတယ်။ ပထမဆုံး မြန်မာသံအမတ်ကြီးအဖြစ် ဂျပန်ကို ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာသိန်းမောင်သွားပြီး လက်ရှိမြန်မာသံရုံးနေရာကို ဝယ်ယူဖွင့်လှစ်ခဲ့ပါတယ်။ စစ်ပြီးခေတ် ဂျပန်လက်နက်ချပြီးနောက် ဒေါက်တာသိန်းမောင် အဖမ်းခံရပြီး မြန်မာပြည် ပြန်ပို့ချိန်မှာ သင်္ဘောပေါ်မှာ ကွယ်လွန်ခဲ့ပါတယ်။ စစ်သံမှူး ဗိုလ်မှူးကြီးစကြာနဲ့ မြန်မာစစ်ပညာသင်တွေကတော့ ဂျပန်ကို တော်လှန်တဲ့ ဗမာ့မျိုးချစ် တပ်မတော်သားတွေဖြစ်လို့ မဟာမိတ်အဖမ်းမခံရဘဲ မြန်မာပြည် ပြန်ပို့ပေးခံရပါတယ်။ မန်ချူးကိုးနဲ့ တရုတ်ကို သံအမတ်ကြီးများအဖြစ် စေလွှတ်ခံရတဲ့ ဝန်ကြီးသခင်ဗစိန်နဲ့ သခင်ထွန်းအုပ်ကတော့ စင်ကာပူနဲ့ ဂျားဗားကျွန်းမှာ သောင်တင်နေခဲ့ပြီး စစ်ပြီးမှ မြန်မာနိုင်ငံသို့ ပြန်လာခွင့် ရခဲ့ပါတယ်။

 

၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေး မရခင်မှာဘဲ နိုင်ငံခြားရေးဌာနကို ဖွဲ့စည်းပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီး ဗိုလ်ချုပ်တို့ လုပ်ကြံခံရဖြစ်ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီးတာဝန်ယူရတဲ့ အိုင်စီအက်ဦးတင်ထွဋ် လက်ထက်မှစပြီး နိုင်ငံခြားရေးရုံးကို ဖွဲ့စည်းပုံစံကျ ထူထောင်ခဲ့ပါတယ်။ နယူးဒေလီ၊ ကရာချိ၊ လန်ဒန်၊ နန်ကျင်းနဲ့ ဝါရှင်တန်ဒီစီဆိုတဲ့ ငါးနေရာကို လွတ်လပ်ရေး မရခင်ကတည်းက မဟာမင်းကြီးတွေ စေလွှတ်ပြီး ခန့်အပ်ခဲ့ပါတယ်။ ဦးဝင်း၊ ဦးဖေခင်၊ ဆာမောင်ကြီး၊ ဦးမြင့်သိန်းနဲ့ ဦးစိုးညွန့်တို့ဟာ လွတ်လပ်ရေးခေတ်ရဲ့ ပထမဆုံးသံအမတ်ကြီးတွေ ဖြစ်လာပြီး ဘန်ကောက်၊ ပဲရစ် စတဲ့မြို့တော်တွေမှာလည်း မြန်မာသံရုံးတွေ ပေါ်ပေါက်လာပါတယ်။ အဲဒီ သံအမတ်ကြီးအများစုဟာ ပညာတတ်နဲ့ အရာရှိဟောင်းတွေဖြစ်ကြပြီး ဆာမောင်ကြီးကတော့ နိုင်ငံရေးဝါရင့်တဲ့ ဝန်ကြီးဟောင်း ဖြစ်ပါတယ်။ အမေရိကန် လွတ်လပ်ရေး ရစက သောမတ်ဂျက်ဖာဆန်လို နိုင်ငံရေးခေါင်းဆောင်ကို ပြင်သစ်ကို သံအမတ်အဖြစ် စေလွှတ်တဲ့ပုံစံမျိုး မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အိန္ဒိယ၊ တရုတ်၊ ဗြိတိန်၊ ဆိုဗီယက်ရုရှားနိုင်ငံတွေမှာ နိုင်ငံရေး ခေါင်းဆောင်တွေကို သံတမန်အဖြစ်စေလွှတ်ပြီး ရင်းနှီးမှုယူစေတာ မျိုးလို့ လေ့လာသူတွေက ရေးသားကြပါတယ်။

 

မြန်မာ့ဂုဏ်ဆောင်သံကြီးတမန်ကြီးများ

 

၁၉၅ဝ ပြည့်လွန်နှစ်တွေအတွင်း အိုင်စီအက်ခေါ် ဗြိတိသျှခေတ် လက်ကျန်အရာရှိကြီးတွေကို သံကြီးတမန်ကြီးအဖြစ် စေလွှတ်တာတွေ ရှိလာပါတယ်။ နိုင်ငံခြားရေးဌာနမှာ ဦးကြင်၊ ဦးကာစီ၊ ဦးလှမောင် စတဲ့ အိုင်စီအက် သံအမတ်ကြီးတွေရှိသလို ကုလသမဂ္ဂအာရှနဲ့ အရှေ့ဖျား စီးပွားရေးကော်မရှင်ရဲ့ အမှုဆောင်အတွင်းဝန်အဖြစ် ဆယ်စုနှစ်ချီပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံရေးနယ်ပယ်ကလာတဲ့ ဦးညွန့်ဟာ နိုင်ငံတကာသိ မြန်မာအရာရှိတစ်ဦးဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာ မြန်မာပြည်က သံအမတ်ကြီး ဦးသန့်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူးနေရာမှာ အရွေးခံခဲ့ရပါတယ်။ ၁၉၆၁ ခုနှစ်က စပြီး တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးတွေကို သံအမတ်ကြီးအဖြစ် တိုက်ရိုက်တာဝန်ပေးအပ်တာမျိုး၊ စစ်သံမှူးကနေတစ်ဆင့် ပြောင်းလဲ ခန့်အပ်တာမျိုး ရှိလာပါတယ်။

 

နိုင်ငံရေးခေတ်က ဝန်ကြီးဟောင်းတွေနဲ့ ပညာရေးနယ်ပယ်က ပုဂ္ဂိုလ်ကြီးတွေကို သံအမတ်ကြီး ရာထူးအပ်နှင်းတဲ့ စနစ်မျိုးလည်းရှိခဲ့ပါတယ်။ နိုင်ငံရဲ့အုပ်ချုပ်ရေး ယန္တရားအရှိန်ရလာပြီး စနစ်တကျ အခြေခိုင် လာချိန်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သန္ဓေဝင်အရာထမ်းတွေ သံအမတ်ကြီးအဆင့် တာဝန် ထမ်းဆောင်ခွင့် ရရှိလာသလိုပဲ အခြားသော ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဝန်ထမ်းဌာန အကြီးအမှူးတွေကိုလည်း သံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ရာမှ ခေတ်အဆက်ဆက် မြန်မာ့ဂုဏ်ဆောင် သံကြီးတမန်ကြီးတွေ အမြောက်အမြား ပေါ်ထွန်းလာခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့် အမြင့်ဆုံးသံတမန် (Chief Diplomat of the State) လည်း ဖြစ်တာကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ကြသူ အားလုံးကိုလည်း မြန်မာ့ဂုဏ်ဆောင်သံကြီးတမန်ကြီးများ စာရင်းမှာ ထည့်သွင်းရမှာ ဖြစ်ပါတယ်။

 

ထူးချွန်ထက်မြက်သော သံတမန်ဆိုရာဝယ်

 

ထူးချွန်ထက်မြက်တဲ့ သံတမန်ဆိုတာ မိမိနိုင်ငံရဲ့ အကျိုးစီးပွားအတွက် လက်တွေ့အကျိုးရှိရှိ ထိထိရောက်ရောက် ကိုယ်စားပြုနိုင်တာ၊ အခြားသောနိုင်ငံတွေနဲ့ သဘောတူညီချက်တွေရရှိအောင် ဆွေးနွေး ညှိနှိုင်းနိုင်တာ၊ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်တာ စတဲ့ သံခင်းတမန်ခင်းနယ်ပယ်တွေမှာ ထူးချွန်တဲ့သူမျိုးတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်နိုင်တဲ့ စွမ်းရည်သာမက ယဉ်ကျေးမှုဆိုင်ရာ အာရုံခံစားနိုင်မှု၊ မဟာဗျူဟာကျကျ တွေးခေါ်နိုင်မှုနဲ့ နိုင်ငံတကာဆက်ဆံရေးကို နက်နဲစွာနားလည် သဘောပေါက်နိုင်မှု စတဲ့အရည်အချင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ထူးချွန်ထက်မြက်တဲ့ သံတမန်တစ်ဦး ဖြစ်လာဖို့ဆိုရင် ပြောဆိုဆက်ဆံတတ်မှုစွမ်းရည်နဲ့ ဆွေးနွေးညှိနှိုင်းတတ်မှု အတတ်ပညာအပေါ် အလေးပေးရမှာ ဖြစ်ပါတယ်။

 

နိုင်ငံတကာဆက်ဆံရေး၊ သမိုင်းနောက်ခံ အကြောင်းအရာတွေနဲ့ ခေတ်ပေါ်မျက်မှောက်ရေးရာတွေကို လေ့လာထားခြင်းဖြင့် ကမ္ဘာကြီးရဲ့အရွေ့နဲ့ ပြောင်းလဲဖြစ်ပေါ်နေမှုတွေကို နားလည်နိုင်မှာဖြစ်ပါတယ်။ ဘာသာစကား လေ့လာထားခြင်းကလည်း ထိရောက်မှုရှိတဲ့ ဆက်ဆံရေးဖြစ်ဖို့အတွက် အရေးကြီးပါတယ်။

 

ဒါ့အပြင် ထူးချွန်ထက်မြက်တဲ့ သံတမန်တစ်ဦးဖြစ်ဖို့ဆိုရင် မတူကွဲပြားတဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့လည်း လိုအပ်တာမို့လို့ စာနာနားလည်စိတ် မွေးမြူတတ်ဖို့နဲ့ ယဉ်ကျေးမှုဆိုင်ရာ အာရုံခံစားနိုင်စွမ်းရှိမှုကိုလည်း ပျိုးထောင်ထားဖို့လိုအပ်ပါတယ်။ အဲဒါမျိုးတွေကို အလုပ်သင် (Interns)၊ စေတနာ့ ဝန်ထမ်း (Volunteer) စတဲ့ တာဝန်တွေထမ်းဆောင်ချိန်၊ ဒါမှမဟုတ် အခြေခံအဆင့် သံတမန်အဖြစ် အလုပ်တာဝန်ရယူခဲ့ချိန်မျိုးမှာ လက်တွေ့လုပ်ငန်းခွင်မှတစ်ဆင့် အတွေ့အကြုံရယူနိုင်ပါတယ်။ မိမိ လုပ်ငန်းခွင်နယ်ပယ်အတွင်းမှသာမက ပြင်ပနယ်ပယ်နဲ့လည်း အဆက်အသွယ်ကွန်ရက် တည်ဆောက် ထားဖို့လည်း လိုအပ်ပါတယ်။ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းနဲ့ လိုက်လျောညီထွေမှုရှိခြင်းဟာ ထူးချွန်ထက်မြက်တဲ့ သံတမန်တစ်ဦးဖြစ်လာစေရေးရဲ့ သော့ချက်ပဲ ဖြစ်ပါတယ်။

 

သံတမန်တစ်ဦး လေ့ကျင့်တည်ဆောက်ထားရမယ့် အချက်များ

 

ထူးချွန်ထက်မြက်တဲ့ သံတမန်တစ်ဦးဖြစ်လာဖို့ဆိုတာ အောက်မှာ ဖော်ပြထားတဲ့ ကျွမ်းကျင်မှုအရည်အချင်းနဲ့ အသိပညာတွေကို ပေါင်းစပ်အသုံးပြုနိုင်ရတာမျိုးပါ-

(၁) ဆက်ဆံရေးစွမ်းရည် (Communication Skills)၊

(၂) ဆွေးနွေးညှိနှိုင်းခြင်းစွမ်းရည် (Negotiation Skills)၊

(၃) ယဉ်ကျေးမှုဆိုင်ရာ အသိအမြင် (Cultural Awareness)၊

(၄) ဘာသာစကားကျွမ်းကျင်မှုရှိခြင်း (Language Proficiency)၊

(၅)  နိုင်ငံတကာဥပဒေတတ်ကျွမ်းမှု (International Law)၊

(၆) မဟာဗျူဟာကျကျ တွေးခေါ်နိုင်မှု (Strategic Thinking)၊

(၇) ပြဿနာဖြေရှင်းတတ်မှု (Problem-Solving)၊

(၈) စိတ်ခံစားမှုဆိုင်ရာ အသိဉာဏ် (Emotional Intelligence)၊

(၉) သုတေသနပြုလုပ်တတ်မှု (Research Skills)၊

(၁၀) လိုက်လျောညီထွေရှိတတ်မှု (Adaptability)၊  

(၁၁) လူမှုအဆက်အသွယ် ကွန်ရက်တည်ဆောက်ထားရှိမှု (Networking)၊

(၁၂) ပဋိပက္ခဖြေရှင်းတတ်မှု စွမ်းရည် (Conflict Resolution)၊

(၁၃) ပရိသတ်ရှေ့ စကားပြောဆိုမှုစွမ်းရည် (Public Speaking)၊

(၁၄) ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း (Analytical Thinking)၊

(၁၅) ကျင့်ဝတ်စည်းကမ်း လိုက်နာစောင့်ထိန်းတတ်မှု (Ethical Judgment)၊      

(၁၆) ကမ္ဘာ့ရေးရာ ဗဟုသုတရှိမှု (Global Affairs Knowledge)၊

(၁၇) သံတမန်ရေးရာသမိုင်းဗဟုသုတ(Diplomatic History)၊

(၁၈) အကျပ်အတည်းကာလ စီမံခန့်ခွဲမှု စွမ်းရည် (Crisis Management)၊

(၁၉) နိုင်ငံစုံသံခင်းတမန်ခင်းဆိုင်ရာ ဗဟုသုတ (Multilateral Diplomacy)၊        

(၂၀) ခေါင်းဆောင်မှုအရည်အသွေး၊ အရည်အချင်း (Leadership Skills)။ 

 

နိဂုံးချုပ်အားဖြင့် ထူးချွန်ထက်မြက်တဲ့ သံတမန်တစ်ဦးဖြစ်လာဖို့ဆိုတာ မိမိရဲ့ သံတမန်ရေးဆိုင်ရာ ကျွမ်းကျင်မှု အရည်အချင်း၊ အရည်အသွေးတွေ တိုးတက်ကောင်းမွန်နေဖို့ စဉ်ဆက်မပြတ် လေ့လာသင်ယူနေရမှာဖြစ်သလို ပြောင်းလဲတိုးတက်ဖြစ်ပေါ်နေတဲ့ နည်းနာနဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာလည်း လိုက်နာလက်ခံကျင့်သုံးနေရမှာ ဖြစ်ပါကြောင်း။ ။

 

ကိုးကား -

(၁) မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၃)။

(၂) မြန်မာ့သမိုင်းလာ ထင်ရှားခဲ့သော သံကြီးတမန်ကြီး များ- ဒေါက်တာ ခင်မောင်ညွန့်။

(၃) သတင်းမီဒီယာများပေါ်က အချက်အလက်များ။